စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်က ကြေးစင်တောင်သတ္တုတူးဖော်ရေး စီမံကိန်းရဲ့ စွန့်ပစ်မြေစာပုံနေရာ တိုးချဲ့ဖို့အတွက် ယင်းမာပင်မြို့နယ် ရွှေပန်းခိုင်ကျေးရွာအုပ်စုမှာရှိတဲ့ ကျားတွင်းတောင် ဘုန်းတော်ကြီးကျောင်းကို ပြောင်းရွှေ့ပေးဖို့ ကျောင်းတိုက်ဆရာတော်ထံ မြို့နယ်အုပ်ချုပ်ရေးမှူးက စာပေးပို့တာ ကို ကျောင်းတိုက်ဆရာတော်နဲ့ ဒေသခံတွေက မနေ့က ကန့်ကွက်စာတင်လိုက်ပါတယ်။
ကျားတွင်းတောင်ဘုန်းတော်ကြီးကျောင်းဟာ သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့အပြင် ကျောင်းအနီးမှာရှိတဲ့ ယမားချောင်းပျက်စီးမှာကို စိုးရိမ်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ ရွှေပန်းခိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးဇော်ဌေးက ပြောပါတယ်။
"သမိုင်းဝင် ကျားတွင်းတောင်ဆိုတော့ ကျနော်တို့အနေနဲ့ လက်မခံနိုင်ဘူးပေါ့ဗျာ၊ ဒီရွာဘေးနားတွေမှာဆိုရင် လည်း သဘာဝဘေးအန္တရာယ် ဆိုးကျိုးတွေ ဖုန်မှုန့်ထတာတွေလည်း ဖြစ်လာနိုင်တယ်ဗျ၊ ယမားချောင်းနဲ့ ကိုက် ၅ဝ လောက်ပဲကွာဝေးတာ ဆိုတဲ့အတွက်ကြောင့် ကျနော်တို့က ဒီချောင်းပျက်စီးမှာကို စိုးရိမ်တဲ့အတွက် ကန့်ကွက်စာတင်လိုက်ခြင်းဖြစ်ပါတယ်"
ရွှေပန်းခိုင်ကျေးရွာအုပ်စု တယ်ပင်ကန်၊ ရေကြည်ပင်၊ မြရိပ် စတဲ့ကျေးရွာ ၆၀ လောက်က ဒေသခံတွေ လက်မှတ်ရေးထိုးပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ မြန်မာယမ်စီကုမ္ပဏီ၊ ယင်းမာပင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ သစ်တောနဲ့သတ္တုရေးရာ ဝန်ကြီးဌာနတို့ထံ ပေးပို့ထားတာဖြစ်တယ်လို့ သိရပါတယ်။
ယင်းမာပင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက မြို့နယ်သာသာနာရေးဦးစီးဌာနနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေထံ လိပ်မူပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က အကြောင်းကြားစာ ပေးပို့ထားတာဖြစ်ပါတယ်။
အသစ်တိုးချဲ့မယ့် စွန့်ပစ်မြေစာပုံအနီးမှာ ကျားတွင်းတောင်ဘုန်းတော်ကြီးကျောင်း တည်ရှိနေတဲ့အတွက် အန္တရာယ် ရှိနိုင်တာကြောင့် နှင်းဆီတောင်နေရာကို ပြောင်းရွှေ့ပေးဖို့ အကြောင်းကြားစာမှာ ပါရှိပါတယ်။ နေရာပြောင်းရွှေ့ လိုက်တဲ့ ကျောင်းဆောင်သစ်ကို မြန်မာယန်စီကုမ္ပဏီက အကုန်အကျခံဆောက်လုပ်ပေးမှာဖြစ်ကြောင်းနဲ့ မြေစာ စွန့်ပစ်တဲ့ လုပ်ငန်းပြီးစီးရင် မူလကျောင်းဟောင်းမှာ ပြန်လည်သီတင်းသုံးနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။
အဲ့ဒီလို ကျောင်းဆောင်သစ်ကို ပြောင်းရွှေ့လိုခြင်း ရှိ၊ မရှိ ကျားတွင်းတောင်ဆရာတော်ရဲ့ သဘောထား ကို တောင်းခံတာဖြစ်ပါတယ်။
