လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုမှာ ၁ ဦး သေနတ်ဒဏ်ရာရ


2013.04.25
lpt-apr-25-305.jpg လက်ပံတောင်းဒေသခံ တောင်သူလယ်သမားတွေနဲ့ စီမံကိန်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဧပြီလ ၂၅ ရက်နေ့က တွေ့ရပုံ
Photo: RFA

မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မှာ လျော်ကြေးယူမထားတဲ့ ဒေသခံတောင်သူ လယ်သမားတွေက အသိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကို ဝင်ရောက်ထွန်ယက်ရာမှာ  စီမံကိန်းလုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိမ်နင်း တဲ့အတွက် ဆန္ဒပြသူတစ်ဦး သေနတ်ဒဏ်ရာရခဲ့ပြီး ၃ ဦးကို မုံရွာဆေးရုံတင်လိုက်ရပါတယ်။

ဒီနေ့မနက် ၉ နာရီ ပတ်ဝန်းကျင်လောက်က ကြေးနီစီမံကိန်းအနီး ဆည်တဲရွာမြောက်ဖက် လက်ပံတောင်းတောင်ခြေမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေ အပြန်အလှန် အခြေအတင်ဖြစ်ခဲ့ပါတယ်။

ဒီလိုဖြစ်ရာမှာ လုံခြုံရေး ရဲတပ်ဖွဲ့တွေက လက်ကိုင်တုတ်တွေ၊ သေနတ်တွေသုံးပြီး ဖြိုခွဲခဲ့သလို၊ ဆန္ဒပြသူတချို့ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဖြစ်စဉ်မှာပါဝင်ခဲ့သူ ဆည်တည်းရွာက ကိုဇော်နိုင်က RFA ကို ပြောပြပါတယ်။

အကြမ်းဖက်ဖြိုခွဲမှုကြောင့် သေနတ်ဒဏ်ရာရရှိသူတစ်ဦးနဲ့ အရိုက်ခံရသူ ၂ ဦး၊ စုစုပေါင်း ၃ ဦး မုံရွာဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတွေနဲ့ အတူရှိနေခဲ့တဲ့ ရန်ကုန် ပြည်သူ့အကျိူးဆောင်ကွန်ရက်အဖွဲ့က ကိုအောင်စိုးအပါအဝင် ဒေသခံ ၂ ဦးလည်း အဖမ်းခံထားရတယ်လို့ဆိုပါတယ်။ ကြေးနီစီမံကိန်း နေရာတဝိုက်မှာ အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ ဆားလင်းကြီးမြို့နယ် စခန်းမှူးကို RFA က ဆက်သွယ်မေးမြန်းရာမှာ မသိကြောင်းနဲ့ ကုမ္ပဏီလုံခြုံရေးအဖွဲ့တွေပဲ သိမယ်လို့ဖြေဆိုသလို၊ ခရိုင်အုပ်ချုပ်ရေးမှူးကို တယ်လီဖုန်းနဲ့ ဆက်သွယ်တဲ့အခါမှာလည်း အစည်းအဝေးသွားနေတယ်လို့ပဲ သူ့လက်ထောက်အရာရှိက ပြန်လည်ဖြေဆိုပါတယ်။

ဒီကနေ့ လက်ပံတောင်းဒေသ အကြမ်းဖက်ဖြိုခွဲမှုနဲ့ ပတ်သက်လို့ ဆည်တဲရွာသား ကိုဇော်နိုင်ကို RFA က မရတနာဦး ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ လယ်သမားတွေကို ကူညီနေတဲ့ နိုင်ငံရေးအကျဉ်းသားမိသားစု အကျိုးဆောင်ကွန်ရက်က ကိုလတ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။