လမ်းလျှောက်ဆန္ဒပြသူတွေ မုံရွာမှာ ဖမ်းဆီး

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ လမ်းလျှောက်ဆန္ဒပြတဲ့ ကိုနေလင်းစိုးနဲ့ ကိုကျော်ဇင် တို့ဟာ စစ်ကိုင်းမြို့မှာ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈နဲ့ မနေ့က အမှုဖွင့်ခံရပြီး အာမခံနဲ့ လွတ်လာပြီးနောက် မုံရွာမြို့မှာ ဒေသခံတွေနဲ့အတူ ဒီနေ့ ထပ်မံဆန္ဒပြတဲ့အတွက် မုံရွာမြို့မရဲစခန်းက ပုဒ်မ ၁၈ နဲ့ ထပ်ပြီး အမှုဖွင့်လိုက်ပါတယ်။

ခွင့်ပြုချက်မတောင်းဘဲ ဆန္ဒပြတာဖြစ်တဲ့အတွက် ပုဒ်မ ၁၈ နဲ့ အမှုဖွင့်တာဖြစ်တယ်လို့ မုံရွာမြို့မ ရဲစခန်းမှူး ဦးပြုံးလွင်က ပြောပါတယ်။

"ခွင့်ပြုချက်တောင်းတာမျိုးမရှိဘဲနဲ့ ဆန္ဒပြလို့ပါဗျ၊ ကျနော်တို့ကို ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ရဲစခန်းကသော်လည်းကောင်း၊ တရားရုံးကသော်လည်းကောင်း ဆင့်ခေါ်တဲ့အချိန်မှာ လာရောက်ပြီးပို့ဆောင်ပေးရမယ်ဆိုတာကို အာမခံပေးရတာပါ"

ကိုနေလင်းစိုးနဲ့ ကိုကျော်ဇင်တို့ကို လက်ပံတောင်းဒေသခံတွေက မုံရွာမြို့အဝင်မှာ သွားရောက်ကြိုဆိုကြပြီး မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးမှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ ပြီးခဲ့တဲ့ မေလ ၁၄ရက်နေ့ကစပြီး ရန်ကုန်မြို့ကနေ စတင်လမ်းလျှောက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။