လက်ပံတောင်းမှာ ရွာသားတွေ ဆက်လက်ဆန္ဒပြ


2013.11.16

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်က လက်ပံတောင်းတောင်ဒေသက လျော်ကြေးမယူထားတဲ့ ဒေသခံတွေဟာ သူတို့မြေယာတွေပေါ်မှာ ကြေးနီစီမံကိန်း တာဝန်ရှိသူတွေက ရဲကင်းတဲတွေ လာဆောက်ထားတာကို ဖယ်ရှားစေလိုတဲ့အတွက်ဆိုပြီး မိုးကြိုးပြင်တောင်ရွာမှာ ဒီနေ့နေ့လည်ပိုင်းက ရာချီရှိတဲ့ဒေသခံတွေ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အခုလ၁၄ရက်နေ့ညက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံအကြား ပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် အခုပြုလုပ်တဲ့ဆန္ဒပြပွဲကို ခွင့်ပြုချက်မယူဘဲ ဒေသခံတွေလိုချင်တဲ့အချက်တွေနဲ့ တောင်းဆိုဆန္ဒပြခဲ့တာဖြစ်တယ်လို့ မိုးကြိုးပြင်တောင်ရွာက ကိုဝင်းကျော်က ပြောပါတယ်။

“ကျနော်တို့မြေယာပေါ်က ရဲကင်းတဲကို ဖယ်ရှားပေးဖို့ရယ်၊ မတရားဖမ်းဆီးထားတဲ့သူတွေကို ချက်ခြင်းလွှတ်ဖို့ရယ်၊ အကြမ်းဖက်ပစ်ခတ်မှုတွေ ရပ်ဖို့ရယ်၊ ဦးပိုင်ဝမ်ပေါင် အလိုမရှိ ဆိုတာတွေနဲ့ ဆန္ဒဖော်ထုတ်နေတာပါ၊ တာဝန်ရှိတဲ့သူတွေက ဖြေရှင်းပေးမှု မရှိသေးဘူး”

အခုလ ၁၄ ရက်နေ့ညက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေအကြား ဒဏ်ရာအပြန်အလှန်ရကြသည်အထိ ဖြစ်ပွားခဲ့တဲ့ပြဿနာတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဖြေရှင်းပေးဖို့ ဒေသခံတွေက လိုလားနေကြတယ်လို့ သိရပါတယ်။

ဒီအတောအတွင်း စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေတဲ့ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး အခုလ ၁၄ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ဒေသခံတွေကို မပြေမလည်ဖြစ်ခဲ့ရာက ဒေသခံတချို့ဒဏ်ရာရရှိလို့ မန္တလေးမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။

ဒီနေ့မှာလည်း ဒေသခံတွေက ကြေးနီစီမံကိန်းကို ဆန္ဒထပ်ပြနေတာကြောင့် ဒေသခံတွေနဲ့ စီမံကိန်းတာဝန်ရှိသူတွေအကြား ညှိနှိုင်းပြေလည်ဖို့စီစဉ်နေတဲ့ ဇီးတောရွာ၊ စမ်းမြဝတီကျောင်းတိုက်က အရှင်စန္ဒာသီရိကို RFA သတင်းထောက် မရတနာဦးဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။