လက်ပံတောင်းဒေသ ခံ နှစ်ရာကျော် ဝမ်ပေါင်ကို ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင် စီမံကိန်းကြောင့် သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေအတွက် သီးနှံလျော်ကြေးပေးဖို့ ဒေသခံတောင်သူ ၂၀၀ လောက်က ဒီကနေ့ ဝမ်ပေါင် ကုမ္ပဏီရှေ့မှာ ဆန္ဒပြကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ သီးနှံလျော်ကြေးပေးဖို့ ၆ ကြိမ် ဆန္ဒပြခဲ့ပေမယ့် မရရှိသေးတာကြောင့် ဆန္ဒပြကြတာဖြစ်တယ်လို့ တုံရွာသူ ဒေါ်အမာချိုက ပြောပါတယ်။

"အဓိကက အသီးအနှံလျော်ကြေးရရှိရေးပေါ့၊ ညှိနှိုင်းမှုမရှိလို့ ခေါက်တုန့်ခေါက်ပြန်သွားနေရတာ၊ မုံရွာ-ပုသိမ် လမ်းမ လမ်းဆုံမှာ ဝမ်ပေါင် တောင်ထိပ်တစ်ဖွဲ့ မြောက်ထိပ်တစ်ဖွဲ့ပေါ့၊ သူတို့နှစ်ဘက်စလုံးပိတ်ထားတာ"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ဒေသခံတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး နဲ့ တွေ့ဆုံပြီး လျော်ကြေးကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် တာဝန်ယူပေးခြင်းမရှိဘူးလို့ သိရပါတယ်။

လက်ပံတောင်းတောင် စီမံကိန်းကြောင့် လယ်ယာမြေ အသိမ်းခံထားရတဲ့ အလယ်ရွာ၊ တုံရွာ၊ မိုးကြိုးပြင်၊ ဆည်တည်းရွာနဲ့ ဖောင်းတကာရွာက တောင်သူတွေဟာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်တဲ့မြေနေရာတွေဟာ သူတို့ လျော်ကြေးမယူထားတဲ့ မြေနေရာတွေ ပါနေတာကြောင့် သီးနှံလျော်ကြေးပေးဖို့ တောင်းဆိုတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်က သီးနှံလျော်ကြေးပေးခဲ့ပြီး အခုတောင်သူတွေ တောင်းဆိုနေတာက ၂၀၁၅ ခုနှစ်အတွက် သီးနှံလျော်ကြေးဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က သီးနှံလျော်ကြေး တစ်ဧကကို ကျပ် ၂သိန်းကနေ ၄သိန်းအထိ ရရှိတယ်လို့သိရပါတယ်။