ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ ဒေသခံ အမျိုးသမီး ၅၀၀ ကျော် ဆန္ဒပြ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဒီကနေ့နေ့လည်ပိုင်းက လက်ပံတောင်းတောင်ဒေသခံ အမျိုးသမီး ၅ဝဝ ကျော်ဟာ လက်ပံတောင်းတောင်ဒေသမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

လက်ပံတောင်းတောင်ဒေသမှာ ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် မကြာခဏဆန္ဒပြခဲ့ကြပေမယ့် အခုလိုဒေသခံအမျိုးသမီးတွေချည်းပဲ ဆန္ဒပြတာကတော့ ပထမဆုံးအကြိမ်ဖြစ်ကြောင်း တုံရွာသူ မသန်းသန်းထွေးက RFA ကို အခုလိုပြောပါတယ်။

“ရွာသားတွေကို ယောကျ်ားလေးတွေ မြင်လို့ရှိရင် ဖမ်းမယ်ဆီးမယ်လို့ သူတို့က မတရားပြောထားတယ်လေ၊ ရွာသားတွေ မပါပါဘူးရှင့်၊ ရွာသူအမျိုးသမီးတွေပဲ ဆန္ဒပြနေတာပါရှင့်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းရေးရယ်၊ မီးလောင်ဗုံးတရားခံများ အမြန်ဆုံးဖော်ထုတ်ပေးဖို့အရေးရယ်၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ တောင်ယာမြေများပေါ် ထွန်ယက်စိုက်ပျိုးဖို့ရယ် ဆန္ဒပြနေတာပါရှင့်”

ဒီနေ့ဆန္ဒပြရာမှာ ဒေသခံတွေက တောင်းဆိုချက် ၁၀ ချက်ကို ကြွေးကြော်ပြီး တုံရွာထိပ်ကနေ ညောင်ပင်ကြီးဆိပ်အထိ လမ်းလျှောက်ချီတက်ခဲ့ကြတယ်လို့သိရပါတယ်။

သူတို့တောင်းဆိုချက်တွေထဲမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းပေးဖို့၊ ပုဒ်မ၁၄၄ ရုတ်သိမ်းပေးဖို့၊ မီးလောင်ဗုံးအသုံးပြုခဲ့တဲ့ တရားခံတွေကို ဖော်ထုတ်ပေးဖို့အပါအဝင် ဝမ်ပေါင်ကုမ္ပဏီကို အလိုမရှိ၊ ဝမ်ပေါင်အလိုကျ မတရားထုတ်ပြန်ထားတဲ့ နည်းဥပဒေတွေ ရုတ်သိမ်းပေးဖို့ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။