ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာ လည်ပတ်အသုံးပြုနေတဲ့ စက်ယန္တရားတွေကို စစ်ဆေးမှတ်ပုံတင်ဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က စေလွှတ်တဲ့ အထူးကွင်းဆင်းစုံစမ်းရေးအဖွဲ့ဟာ ဖားကန့်မြို့ကို ဒီကနေ့ ရောက်ရှိနေပါတယ်။
သတ္တုတွင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာန၊ အကောက်ခွန်စတဲ့ ဌာနတွေက အဆင့်မြင့်အရာရှိ အယောက် ၂၀ ကျော်က ကွင်းဆင်းစစ်ဆေးမှာ ဖြစ်တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး မြင့်ထူးကပြောပါတယ်။
အဲဒီစစ်ဆေးရေးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ဦးဆောင်တာဖြစ်ပြီး အစည်းအဝေးကိစ္စတွေရှိနေတဲ့အတွက် လောလောဆယ် ဖားကန့်ကို ဗိုလ်ချုပ်အောင်စိုး မရောက်သေးဘူးလို့ ဆိုပါတယ်။
ယာဉ်စက်ယန္တရားတွေကို စစ်ဆေးမှတ်ပုံတင်နိုင်ဖို့အတွက် လုပ်ငန်းရှင်တွေနဲ့ ဒီကနေ့ နေလည်ပိုင်းက ဖားကန့်မြို့နယ်အုပ်ချုပ်ရေးရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်း၊ မန္တလေး၊ ရန်ကုန်စတဲ့ လမ်းကြောင်းတွေကနေ တရားမဝင် ကျောက်စိမ်းတူးဖော်ရေးယာဉ်၊ စက်ယန္တရားတွေ ဖားကန့်ဘက်သယ်ယူနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း အခုလို ကွင်းဆင်းစုံစမ်းမှုတွေပြုလုပ်နေတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းနဲ့ ဒီနှစ် ဇန်နဝါရီလဆန်းပိုင်းတွေကလည်း ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးဝင်းထွန်းနဲ့ ဦးဝင်းရှိန်တို့ ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့ဟာ မြစ်ကြီးနား၊ ကန်ပိုက်တီနဲ့ ဖားကန့်ဒေသတွေကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
ဖားကန့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရဲ့ စာရင်းတွေအရ အခုနှစ်ရာသီအတွက် နိုင်ငံတော်ကို အခွန်ဆောင်ပြီး တင်သွင်းခွင့်ပြုထားတဲ့ ယာဉ်စက်ယန္တရားအရေအတွက်ဟာ တစ်ထောင်ကျော်ရှိပြီး လက်ရှိဖားကန့်မြို့နယ်ကို အစီးရေ ခုနှစ်ရာကျော် ရောက်ရှိပြီးဖြစ်ပါတယ်။
အဲဒီစက်ယန္တရားအစီးရေ ခုနှစ်ရာကျော်ဟာ ဂျိတ်လန်းမြန်မာ၊ ခိုင်မြန်မာ၊ မြောက်ပိုင်းတော်ဝင်၊ ဧရာရတနာ စတဲ့ကုမ္ပဏီ ၁၃ ခုရဲ့ တူးဖော်ရေးယန္တရားတွေဖြစ်တယ်လို့ သိရပါတယ်။