အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း နဲ့ နိုင်ငံရေးပါတီတွေ ဆွေးနွေး

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright ဟာ မြန်မာနိုင်ငံ ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေအပြင် နိုင်ငံရေးပါတီတွေ က ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကိုယ်ကျတက်ရောက်ခဲ့သူ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦးက RFA ကို အခုလို ပြောပါတယ်။

"သူပြောတာက ငြိမ်းချမ်းရေးဖြစ်စဉ်ကိုမေးတယ်၊ PR စနစ်ကို ဘယ်လိုမြင်လဲလို့မေးတယ်၊ တချို့ကတော့ ငြိမ်းချမ်းရေးကဖြစ်နေပြီ၊ ဆက်ထိန်းထားဖို့လိုမယ်လို့ ပြောတယ်၊ ကျွန်တော်ပြောတာကတော့ ငြိမ်းချမ်းရေးတည်မြဲရင် ပိုကောင်းမယ်လို့ မှန်ကန်တဲ့လမ်းကြောင်းလျှောက်နေပြီ၊ ခိုင်မြဲအောင်လုပ်မှရမယ်လို့ ပြောတယ်"

ဆွေးနွေးမှုတွေထဲမှာ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ PR အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် အပေါ် နိုင်ငံရေးပါတီတွေရဲ့ သဘောထားအမြင်ကိုလည်း မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့တွေ့ဆုံမှုကို UNA ခေါ် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်နိုင်ငံရေးပါတီတွေ၊ ချင်းအမျိုးသားပါတီ၊ ချင်းအမျိုးသားတိုးတက်ရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်အစရှိတဲ့ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeline Albright ဟာ ၁၉၉၅ ခုနှစ်ကတစ်ကြိမ် မြန်မာနိုင်ငံ ကို ရောက်ရှိခဲ့ပြီး အဲဒီအချိန်က နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အခုခရီးစဉ်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိပြီး ရန်ကုန်တက္ကသိုလ်မှာ ဟောပြောပွဲတစ်ရပ် ကျင်းပပြုလုပ်ဖို့ရှိတယ်လို့ သိရပါတယ်။