ဒီမိုကရေစီစနစ်တစ်ခု အောင်မြင်ဖို့ဆိုရင် ပါလီမန်နဲ့ အစိုးရကြား၊ ပါတီအချင်းချင်းကြား၊ ပြည်သူအချင်းချင်း ကြား၊ စစ်တပ်အပါအဝင် အစိုးရယန္တရားတွေကြားမှာ ယုံကြည်မှုမရှိဘဲ ဖြစ်မလာနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်းအောဘရိုက် (Madeleine Albright) က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်းအောဘရိုက် (Madeleine Albright) က ဒီကနေ့ ရန်ကုန်တက္ကသိုလ်ထဲက စိန်ရတုခန်းမမှာ တက်ရောက်လာတဲ့ ပြည်သူလူထုကို ပြောကြားခဲ့ တာဖြစ်ပါတယ်။
စစ်မှန်တဲ့ဒီမိုကရေစီစနစ်မှာဆိုရင် အုပ်ချုပ်သူတွေနဲ့ ပြည်သူတွေဟာ ဥပဒေကို လေးစားလိုက်နာရမှာဖြစ်သလို လက်နက်ကိုင်အဖွဲ့ အားလုံးဟာလည်း အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာရှိရမယ်၊ ဘယ်ပါတီကပဲ အင်အားကြီးသည်ဖြစ်စေ၊ အတိုက်အခံပါတီတွေရဲ့ အခွင့်အရေးကိုလည်း အသိအမှတ်ပြုလေးစားရမှာဖြစ်တယ် လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့လပိုင်းက မြန်မာနိုင်ငံနေရာအတော်များများမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်းက လူမျိုးမတူ ဘာသာမတူသူတွေအပေါ် ဖိနှိပ်မှုအားလုံးကို လက်မခံကြောင်း မြန်မာပြည်သူ အားလုံးကလည်း အဲ့ဒီအပေါ်မှာလက်ခံယုံကြည်မယ်လို့ သူ့အနေနဲ့ ထင်မြင်ကြောင်း ပြောပါတယ်။
အကြမ်းဖက်ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်သူတွေကို အရေးယူရမှာဖြစ်သလို အကာအကွယ်မဲ့ ပြည်သူတွေ အတွက်လည်း လုံခြုံမှုကိုပေးနိုင်ရမယ်လို့ပြောတယ်။ အဲဒီလိုဖြစ်ဖို့အတွက် ပါတီအားလုံး အဖွဲ့အစည်းအားလုံးက အကြမ်းဖက်ပဋိပက္ခတွေ မဖြစ်အောင် ဝိုင်းဝန်းကာကွယ်ကြရမယ်လို့လည်း တိုက်တွန်းလိုက်ပါတယ်။
တိုင်းပြည်မှာ တည်ငြိမ်အေးချမ်းမှုမရှိရင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေဆိုတာ ရောက်လာမှာမဟုတ်ဘူးလို့ လည်း ပြောခဲ့ပါတယ်။
ဒီကနေ့တွေ့ဆုံပွဲကို အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့ကြပါတယ်။
