ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဖာလုံမြို့နယ်အတွင်းမှာ ထိုင်းမြန်မာနယ်စပ်ကနေ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၄ ယောက် နဲ့ ထိုင်းနိုင်ငံသား ၁ ယောက်ဆီက ထိုင်းဘတ်ငွေ သန်း ၆၀ ခန့်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေနဲ့ လက်နက်တွေကို ဒီကနေ့ နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနယ်စပ် အာဏာပိုင်တွေက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် မိုင်းဆတ်မြို့နယ် တဖက်ခြမ်း ထိုင်းနိုင်ငံ ထော့ထိုင်းရွာနဲ့ ဟိုမယ့်ခမ်းရွာအကြားက ကားလမ်းပေါ်မှာ ထိုင်းမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေနဲ့ ဒေသခံစစ်တပ်တို့ ပူးပေါင်းစစ်ဆေးခဲ့ရာမှာ မော်တော်ဆိုင်ကယ် ၃ စီးနဲ့ သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြားနှစ်သိန်း၊ဗုံးလေးလုံးနဲ့ ၉မမ ပစ္စတိုတစ်လက်တို့ကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ချင်းရိုင်မြို့ရဲစခန်းက ရဲအရာရှိက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ် မူးယစ်ဆေးဝါးစာင့်ကြည့်လေ့လာရေး အဖွဲ့ခေါင်းဆောင် လည်းဖြစ် ရှမ်းသံတော်ဆင့် သတင်းအယ်ဒီတာချူပ်လည်းဖြစ်တဲ့ ဦးခွန်ဆိုင်း က မိုင်းဆတ်မြို့နယ် မိန်တုန်ကျေးရွာအုပ်စုမှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
“အစဉ်အလာအရဆိုလို့ရှိရင် ဒီဖက်လမ်းက ပူနားကို ပြည်သူ့စစ်ရဲ့ လမ်းဖြစ်တယ်၊ဒီပူနားကို ပြည်သူ့စစ်က ဒီမိုင်းဆတ်မြို့နယ် မိန်းတုန်းကျေးရွာအုပ်စုထဲမှာရှိတာ၊သူတို့ကမူးယစ်ဆေးဝါး ထုတ်လုပ်လာတာက ၁၀ နှစ်ကျော်ပြီပဲ သူတို့ရဲ့ ထွက်ပေါက်က သူတို့ဘယ်မှာထားလည်းဆိုတော့ ဒီဟိုမယ့်ခမ်းနဲ့ ထော့ထိုင်းနားမှာရှိနေတဲ့ မယ်ကြို့ဆိုတဲ့ရွာရှိတယ်၊ဒီမယ်ကြို့ဆိုရွာက ဒီထိုင်းဖက်က မုန့်ကောက်လန်ဆိုတဲ့ရွာနဲ့ မျက်နှာချင်းဆိုင်ဖြစ်တယ်။မုန့်ကောက်လန်ကဒီထော့ထိုင်းကျေးရွာအုပ်စုထဲမှာ ရှိတာပေါ့ အဲ့တော့ဒီဖက်လမ်းကို သူတို့ခဏခဏသုံးတယ်။ဒါကြောင့်မိုလို့ အခုလည်းဒီဥစ္စာ ဖြစ်နိုင်တယ်လို့ ပြောလို့ရပါတယ်။”
မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေအားလုံး ခြောက်ယာက်ဖြစ်ပေမယ့် ငါးယောက်သာ ဖမ်းဆီးရမိခဲ့ပြီး မောင်မော်ဆေး ဆိုသူ တစ်ယောက်ကတော့ မြန်မာနိုင်ငံဖက်ခြမ်းကို ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ထိုင်းအာဏာပိုင် တွေက ပြောပါတယ်။ ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၄ ဦးကတော့ အသက် ၂ဝ အရွယ် မောင်ကျကော် ၊ အသက် ၂ဝ အရွယ် မောင်ကျက ၊ အသက် ၁၇ နှစ်အရွယ် မောင်ကျစီး၊ နဲ့ အသက် ၃၀ အရွယ် မောင်ကျကော တို့ဖြစ်ကြပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ သူတို့အားလုံးကို မယ်ဖာလုံမြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်း ဆက်လက်အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။