မကွေးတိုင်း ဘဏ္ဍာငွေကိစ္စ သမ္မတရုံး တင်ပြထား

ပြီးခဲ့တဲ့အစိုးရလက်ထက်က မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရေနံလက်ယက်တွင်းတွေကနေ ကောက် ယူခဲ့တဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၇.၄၅၉ ဘီလီယံ ပျောက်ဆုံးနေခဲ့တာနဲ့ ပတ်သက်ပြီး ရရှိတဲ့စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးထံ တင်ပြထားပြီး သမ္မတရုံးကသာ စိစစ်အရေးယူမှာ ဖြစ်ပါတယ်။

အစီရင်ခံစာနဲ့ ပတ်သက်ပြီး သမ္မတရုံးဘက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တစ်စုံတရာ အကြောင်းပြန်ကြား တာမျိုး မရှိသေးဘူးလို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဦးနေမျိုးကျော် ကပြောပါတယ်။

"အကြောင်းပြန်စာ မလာသေးပါဘူးခင်ဗျ။ ဆုံးဖြတ်ဖို့ရာ နိုင်ငံတော်သမ္မတရုံးဆီကို အဲဒီ issue ရောက်နေပြီ။ နိုင်ငံတော်သမ္မတရုံးကသာ ဆက်လက်ကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ ကျနော်တို့ အတိအလင်း ပြောထားပြီးသားပါခင်ဗျ။ လုပ်ငန်းလုပ်တဲ့စိစစ်မှုအပိုင်းတွေ၊ စုံစမ်းစစ်ဆေးတဲ့ အပိုင်းတွေ အသေးစိတ်က ကျနော်တို့ တိုင်းဒေသကြီးအစိုးရရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်တာမဟုတ်တဲ့ အတွက် ကျနော်တို့ ဘာမှမှတ်ချက်ပေးစရာ မရှိပါဘူး။ အဲဒါကို စုံစမ်းစစ်ဆေးမှုပြီးတဲ့အခါ မှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အကြံဉာဏ်ယူပြီးတော့မှ နိုင်ငံတော်သမ္မတရုံးကို တင်ထားပြီးသား ပါခင်ဗျ။"

စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ပျောက်ဆုံးနေတဲ့ ငွေကျပ် ၇.၄၅၉ ဘီလီယံထဲက ၄.၁၈ ဘီလီယံကို မကွေးတိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် သုံးစွဲခဲ့ပြီး ၁.၇ ဘီလီယံကို ကြံခိုင်ဖွံ့ဖြိုးရေးပါတီအတွက် သုံးစွဲခဲ့ကြောင်း တွေ့ရှိရတယ်လို့ ပြောပါတယ်။

ကျန်တဲ့ ၁.၅၇၅ ဘီလီယံကို ရွှေသုခ အသေးစားငွေချေးလုပ်ငန်းအတွက် အသုံးပြုခဲ့တယ်လို့ ရေးသားထားကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တဲ့အနေအထားရှိပေမယ့် စုံစမ်းစစ်ဆေးရေး ဆောင်ရွက်ခဲ့တဲ့အဖွဲ့မှာ ဘယ်သူတွေ ပါဝင်ခဲ့တယ်ဆိုတာကို မသိရဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် အဂတိလိုက်စားမှုတွေထဲမှာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းတွေ ပါဝင်ပတ်သက် မှုတွေရှိတယ်လို့ ကြားသိရပေမယ့် နာမည်အတိအကျသိရတာ မရှိဘူးလို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ကပြောပါတယ်။