အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ မကွေးတိုင်းက NLD နဲ့ ၈၈ မျိုးဆက် ပူးပေါင်းကော်မတီဝင် ၁၁ ဦးကို အေးစေတီဘုရားဝင်းမှာ ဟောပြောပွဲကျင်းပခဲ့တာကြောင့် ပိုင်နက် ကျူးလွန်မှုပုဒ်မ ၄၄၇ နဲ့တရားစွဲလိုက်တဲ့အတွက် ရဲစခန်းကိုလာရောက်ဖို့ဆင့်ခေါ်လိုက်ပါတယ်။
အဲ့ဒီဆင့်ခေါ်စာကို မနေ့က ၁၅ ရက်နေ့ နေ့စွဲနဲ့ထုတ်ပြန်လိုက်ပြီး၊ ၁၈ ရက်နေ့မနက် ၁၀ နာရီမှာ မကွေးမြို့မရဲစခန်းကိုလာဖို့ စခန်းမှူးလက်မှတ်ရေးထိုးထားတာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ဆင့်ခေါ်ခံရ သူတွေထဲမှာပါဝင်တဲ့ မကွေးတိုင်း NLD စည်းကမ်းထိမ်းသိမ်းရေးကော်မတီတာဝန်ခံ ကိုသန်းနိုင်က RFA ကို အခုလိုပြောပါတယ်။
"ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲသည် မကွေးတိုင်းပူးပေါင်းကော်မတီက ဆောင်ရွက်တဲ့ ပွဲမှာ အေးစေတီဘုရားကွင်းကို ဆောင်ရွက်အသုံးပြုခဲ့တဲ့အတွက် ကျနော်တို့ကို ပုဒ်မ ၄၄၇ နဲ့တရားစွဲတာပါ၊ ကျနော်တို့က သက်ဆိုင်ရာ ရ.ယ.က ကိုတင်တယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုတင်တယ်၊ ဂေါပကများကို ခွင့်ပြုချက်တောင်းတယ်၊ အားလုံးရဲ့ ခွင့်ပြုချက်ရပြီးကာမှ ရက်ကပ်ပြီးတော့ကာမှာ ခွင့်မပြုနိုင်ဘူး၊ မြသလွန်ဘုရားကွင်းကို သွားပါဆိုပြီးတော့ ကျနော်တို့ကို ပြောတဲ့အချိန်မှာ ကျနော်တို့က ပြည်သူလူထုရဲ့ ရန်ပုံငွေနဲ့ ကျနော်တို့က စင်တွေဘာတွေထိုးပြီးနေပါပြီ၊ အဲ့ဒီအချိန်ကျမှ ပြောတာဖြစ်တဲ့အတွက် ကျနော်တို့ က ပြောင်းရွေ့ပေးနိုင်တော့မယ့် အနေအထားမရှိတော့ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဆောက်တဲ့ဈေး အရကြီးသလို၊ ဖျက်တဲ့ဈေးအရလည်းကြီးပါတယ်၊ ရွေ့ပြောင်းစရိတ်ကလည်းရှိပါတယ်၊ အဲ့ဒီလို ကျနော်တို့က မလိုက်လျောနိုင်တဲ့အပေါ်မှာ သူတို့က ကျနော်တို့ကို ၄၄၇ နဲ့ တရားစွဲဖို့ ကြိုးစားတဲ့ အနေအထားပါ"
ဒီကိစ္စနဲ့ပတ်သက်လို့ ဇူလိုင်လ ၄ ရက်နေ့ကလည်း ရဲစခန်းမှာသွားရောက်ဖြေရှင်းခဲ့ပြီးပြီလို့ ကိုသန်းနိုင် ကပြောပါတယ်။ ဒါ့အပြင်အခုလာမယ့် ၁၈ ရက်နေလာရောက်ဖို့ ဆင့်စာခေါ်တာကိုလည်း သူ့အနေနဲ့ မသိသေးဘူးလို့ ဆိုပါတယ်။ တရားစွဲခံရတဲ့သူတွေထဲမှာ NLD က ၆ ယောက် ၈၈ မျိုးဆက်(မကွေးတိုင်း) က ၅ ယောက် ဖြစ်ပါတယ်။
