မဟာစင်မုန်တိုင်းဟာ လာမယ့် မေလ ၁၆ နဲ့ ၁၇ ရက်နေ့လောက်မှာ ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော် တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ခန့်မှန်းချက်ထုတ်ပြန်ပါတယ်။
မုန်တိုင်း နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး RFA ကို အခုလိုပြောပါတယ်။
"ကျနော်တို့ ဒီနေ့နေ့လည် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်ကို အခြေခံပြီးတော့ထုတ်ပါတယ်၊ ဒီဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မဟာစင် ကပေါ့လေ မြန်မာနိုင်ငံ ကိုကိုးကျွန်းရဲ့ အနောက်ဘက် မိုင် ၆၄ဝ ခန့်အကွာ ပုသိမ်မြို့ အနောက်တောင်ဘက် မိုင် ၅၅ဝ ခန့် အကွာ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် ၅၆ဝ မိုင်ခန့်အကွာ အိန္ဒိယနိုင်ငံ ဘီဇာကာ၊ ပတနာမ်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၅ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်၊ သူ့ရဲ့သွားတဲ့လမ်းကြောင်းကတော့ မျှော်လင့်ထားတာကတော့ ဒီဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကို ဝင်မယ်ဆိုပြီးတော့ ကျနော်တို့ဒီရလာတဲ့ တွက်ချက်ထားတဲ့ ဒီ Model Output တွေရော နောက်ဒေသအတွင်း နိုင်ငံတွေမှာဆိုလို့ရှိရင် အိန္ဒိယကပေါ့လေ ဥက္ကဌအနေနဲ့ တာဝန်ယူနေရတဲ့ RFMG ကလဲ ဒီလိုမျိုးပဲခန့်မှန်းချက်တွေတယ်"
အလားတူ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်ရဲ့ အင်တာနက် ဖေ့စ်ဘုတ်မှာလည်း မေလ ၁၇ ရက်နေ့ နေ့ပိုင်းမှာ မြန်မာနိုင်ငံနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ ကမ်းရိုးတန်းဖက်ကို ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း ဖော်ပြထားပါတယ်။
ဒီအတောအတွင်း ရခိုင်ကမ်းရိုးတန်းကို တိုက်ခတ်လာနိုင်ဖွယ်ရှိတဲ့ မဟာစင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဒီနေ့ မေလ ၁၄ ရက်နေ့ကစပြီး ဒုတိယသမ္မတ ဦးဉာဏ်ထွန်းကိုယ်တိုင် ရခိုင်ပြည်နယ်မှာ ဦးစီးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မြန်မာ့တပ်မတော်ကလည်း ပင်လယ်ကမ်းရိုးတန်းဒေသရှိ တိုင်းစစ်ဌာနချုပ်တွေမှာ လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘောနဲ့ မော်တော်ယာဉ်တွေကို အကူအညီပေးဖို့ ပြင်ဆင်ထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဗဟိုကလည်း မုန်တိုင်းတိုက်ခတ်ရင် ပင်လယ်ရေတွေ မြစ်၊ ချောင်းတွေထဲကို အလုံးအရင်းနဲ့ ဝင်ရောက်နိုင်တာကြောင့် ဒေသခံတွေ သောက်သုံးရေ ဒုက္ခမရောက်ရအာင် အခုကတည်းက ရေအလုံအလောက် ကြိုတင်စုဆောင်းနေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မဟာစင်မုန်တိုင်း နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
မဟာစင်မုန်တိုင်း ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးဒုက္ခနဲ့ စီမံခန့်ခွဲရေးဌာန ဒုတိယဌာနမှူး ဦးအောင်သောင်းရွှေကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။