ဒေါက်တာမဟာသီယာဟာ ၁၉၉၇ ခုမှာ မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင် ဖြစ်လာအောင် အဓိက စည်းရုံး ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ မနေ့က ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပြီး သမ္မတ ဦးသိန်းစိန်နဲ့လည်း နေပြည်တော်မှာ တစ်နာရီကျော် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်အတွင်း မြန်မာကျပ်ငွေ တန်ဖိုး သတ်မှတ်ရေး ကိစ္စ၊ တနင်္သာရီတိုင်းက ဆီအုန်းနဲ့ ရော်ဘာစိုက်ပျိုးရေး လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ၊ မလေးရှား စီးပွားရေး လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ မလေးရှားနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းခဲ့တာတွေကို ဦးသိန်းစိန် အနေနဲ့ စိတ်ဝင်တစားရှိပြီး မလေးရှားနဲ့ အနီးကပ် ဆက်ဆံလိုကြောင်း ပြောခဲ့တယ်လို့ ဒေါက်တာ မဟာသီယာက ဆိုပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ ပျော့ပျောင်းမှုတွေ ပိုတွေ့လာရတာ၊ သမ္မတ ဦးသိန်းစိန်နဲ့ ဆွေးနွေးခဲ့တာတွေကို ကွာလာလမ်ပူ ပြန်ရောက်တဲ့အခါ မလေးရှားအစိုးရကို ပြန်ပြောပြမယ်လို့ ဆိုပါတယ်။ ဒေါက်တာ မဟာသီယာရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အင်မတန် အကျိုးရှိတယ်လို့ ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက အာအက်ဖအေကို ပြောပါတယ်။ မလေးရှားနိုင်ငံရဲ့ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် ၂၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာ မဟာသီယာဟာ အခုထိ ထင်ရှားဆဲ နိုင်ငံရေးခေါင်းဆောင်ဟောင်း တဦးဖြစ်ပြီး ပရိုတွန် မော်တော်ကား ကုမ္ပဏီမှာ အကြီးအကဲ၊ ပက်ထရိုနတ်စ် ရေနံကုမ္ပဏီမှာ အကြံပေးပုဂ္ဂိုလ် တာဝန်တွေ ထမ်းဆောင်နေပါတယ်။ ဒေါက်တာ မဟာသီယာရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ ကုန်သည်ကြီးအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးကို အာအက်ဖအေအဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
0:00 / 0:00