ဖဒို မန်းငြိမ်းမောင်ဟာ မိသားစုရှိရာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ဒီကနေ့ ပြန်လည် ရောက်ရှိလာတာနဲ့ ပတ်သက်လို့ KNU ဒုဥက္ကဋ္ဌ စောဒေးဗစ်တာကပေါက RFA ကို အခုလို ပြောပါတယ်။
"ကျွန်တော်တို့ ပဏာမ အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့တယ်။ အရင်ကဆိုရင် ရိက္ခာပို့တဲ့ အချိန်မှာ တိုက်ပွဲတွေက အမြဲတမ်းဖြစ်တယ်။ အခု ကျွန်တော်တို့က ကဲ-ခင်ဗျားတို့ ရိက္ခာ ပို့ချင်ပို့၊ ကျွန်တော်တို့က ယုံကြည်မှု တည်ဆောက်ဖို့ လုပ်လိုက်တာပဲ။ အစိုးရဘက်ကလည်း ယုံကြည်မှုတစ်ခု တည်ဆောက်ဖို့လိုတယ်၊ မန်းငြိမ်းမောင်ကို လွှတ်ပေးပေါ့။ အပေးအယူ လုပ်တာပေါ့လေ။ သူက အရင်ကလိုတော့ ထောင်ထဲမှာ အညှဉ်းဆဲခံရတာတို့ ဘာတို့တော့ မရှိဘူးပေါ့လေ။ ကျန်းမာရေးကတော့ ကောင်းပါတယ် "
မန်းငြိမ်းမောင်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ရန်ကုန်လေဆိပ်မှာ ဖမ်းလိုက်ပြီး အခု မတ်လ ၁၉ ရက်နေ့ မနက်မှာ အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်တာပါ။ အစောပိုင်းကတော့ သူ့ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖေါက်မှုနဲ့ပဲ ထောင်ဒဏ် ၆ လ ချမှတ်ထားပြီး၊ အဲဒီကာလအတွင်း သူဟာ KNU ခေါင်းဆောင် တစ်ယောက်အဖြစ် အစိုးရ သိသွားပြီးတဲ့နောက်မှာ မတရားသင်း ဆက်သွယ်မှုတွေ၊ နိုင်ငံတော်ပုန်ကန်မှုတွေနဲ့ စွဲချက်တင်ပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဒါပေမယ့် မန်းငြိမ်းမောင်ဟာ အစိုးရနဲ့ KNU အပစ်ရပ်ရေး ဆွေးနွေးပွဲတွေ ဖြစ်လာအောင် အစောပိုင်းကတည်းက ကူညီခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့သလို KNU နဲ့လည်း ပဏာမအပစ်ရပ်ရေး သဘောတူလိုက်တဲ့အတွက် အခုလို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။