မြန်မာ့ လေကြောင်းကို ဗုံးဖောက်ခွဲမယ်လို့ ခြိမ်းခြောက်ခံရ

အခုလ ၈ ရက်နဲ့ ၉ ရက်အတွင်း မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်း MAI ကို ဗုံးဖောက်ခွဲမယ်လို့ ခြိမ်းခြောက် ရေးသားထားတဲ့စာကို ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကတစ်ဆင့် လက်ခံရရှိခဲ့တယ်လို့ MAI ပြောခွင့်ရအမျိူးသမီးက အာအက်ဖ်အေကို ပြောပါတယ်။

MAI အနေနဲ့ ခရီးသွား ပြည်သူတွေ လုံခြုံရေးအတွက် သက်ဆိုင်ရာတွေကို သတိပေး အကြောင်းကြား ထားတယ်လို့ ပြောပေမယ့် ခြိမ်းခြောက်စာမှာ ပါတဲ့အကြောင်းအရာ အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောဆိုသွားခြင်း မရှိပါဘူး။ ဒါပေမယ့် ခြိမ်းခြောက်စာထဲမှာ "Son of Allah" အလ္လာရဲ့သားလို့အမည်ပေးထားတဲ့ အဖွဲ့တစ်ခုက ပေးပို့တဲ့စာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံတကာ သံရုံးတွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ထမ်းတွေကို သတိပေး အကြောင်းကြား ထားပါတယ်။