မိတ္ထီလာမြို့က ဒုက္ခသည်တွေ အစားအစာနဲ့ ရေ အရေးပေါ် လိုအပ်

0:00 / 0:00

မိတ္ထီလာမြို့က ဒုက္ခသည်တွေအတွက် အစားအစာ၊ ရေနဲ့ အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

မြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ လူပေါင်း ၄ ထောင်လောက်ရှိနေပြီး၊ သူတို့အတွက် မန္တလေးမြို့ကအဖွဲ့အစည်းပေါင်းစုံ မနေ့ကသွားပြီး လှူဒါန်းခဲ့သလို အခုသတင်းကြေညာနေချိန်မှာလဲ ဒုတိယနေ့အဖြစ်လှူဖို့ သွားနေကြပါတယ်။

ဒုက္ခသည်တွေအတွက် အစားအသောက် မလုံလောက်တဲ့အခြေအနေကို တွေ့မြင်ခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထက်မြန်မာပြည် အမှုဆောင်တဦး ဖြစ်တဲ့ ကိုရဲရင့်ကျော်က RFA ကို ပြောပါတယ်။

"စားဝတ်နေရေးကတော့ အဲ့စခန်းတွေမှာ အတော်လေး ဒုက္ခရောက်နေတယ်ဗျ၊ ထမင်းထုတ်တွေဆိုလည်း မလောက်ဘူး၊ လူ သုံး၊ လေးယောက်ကိုမှ ရေသန့်ဘူး တစ်လီတာဘူး တစ်ဘူးလောက်ပဲရတယ်"

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က မနီလာသိန်းဦးဆောင်တဲ့အဖွဲ့ကလဲ စားနပ်ရိက္ခာလှူဒါန်းဖို့ အခုသတင်းကြေညာနေချိန်မှာ မိတ္ထီလာမြို့က ဒုက္ခသည်တွေဆီ သွားနေပါတယ်။

မိတ္ထီလာမြို့က ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထက်မြန်မာပြည် အမှုဆောင်တဦးဖြစ်တဲ့ ကိုရဲရင့်ကျော်ကို RFA အဖွဲ့သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။