မိတ္ထီလာ သံဃာသတ်ဖြတ်မှု သံသယရှိသူတွေကို ရုံးထုတ်စစ်ဆေး

ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့တွင်းမှာ ပဋိပက္ခ ဖြစ်ပွားနေချိန် သံဃာတော်တစ်ပါး အသတ်ခံရမှုမှာ ပါဝင်သူတွေလို့ သံသယရှိသူ ၇ ဦးကို မနေ့က ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပြီး စွဲချက်တင် ခဲ့ပါတယ်။

တရားခံ ၇ ဦးထဲက ၁ ဦးဟာ အသက် ၁၆ နှစ် မပြည့်သေးတဲ့အတွက် သူ့ကိုကလေးသူငယ်တရားရုံး ကို လွှဲပြောင်းလိုက်ပြီး ကျန်တဲ့သူတွေကိုတော့ တရားရုံးမှာ စွဲချက်တင်လိုက်တယ်လို့ အဲဒီအမှုမှာ စွဲချက်တင်ခံထားရသူတချို့ရဲ့အမှုကို လိုက်ပါဆောင် ရွက်ပေးနေတဲ့ ရှေ့နေ ဦးသိန်းသန်းဦးက အခုလိုပြော ပါတယ်။

"တရားခံ ၇ ယောက်မှာ တစ်ယောက်က အသက် ၁၆ နှစ်မပြည့်ဘူးဆိုတော့ စွဲချက်မတင်ခင်မှာ အမှုကိုပြန်လည်ရုပ်သိမ်းပြီးတော့ ကလေးသူငယ် တရားရုံးကို လွဲပြောင်းပေးခဲ့တယ်၊ ကျန်တဲ့ ၆ ယောက်ထဲမှာ ၁ ဦးကို ပုဒ်မ ၁၄၄ လူစုလူဝေးမှာပါဝင်မှု၊ ၂၉၅ (က) သာသနာညိုးနွမ်းစေမှုစတဲ့ ပြစ်မှု ၃ ခုနဲ့ တရားစွဲထားပြီးတော့ ကျန်တဲ့ ၅ ယောက်ကိုတော့ ခုနကလို ၁၄၄၊ ၂၉၅ (က)တွေနဲ့ စွဲချက်တင်လိုက်တယ်၊ ကျွန်တော်တို့က သက်သေထွက်ချက် အရပေါ့နော်၊ သက်သေတစ်ယောက်ပဲ အဲ့မှာရှိနေတယ်၊ အဲ့ဒီထွက်ချက်အရ တရားရုံးက စွဲမှာပဲ၊ ကိုယ်ကအခိုင်အမာရှင်းပြနိုင်ရင် လွတ်မှာပဲလေ"

အဲဒီအမှုမှာ အပြစ်မရှိပဲ အရေးယူခံထားရသူတွေလည်းပါတယ်လို့ ဆွေမျိုးသားချင်းတွေက ပြောပေမယ့် ရှေ့နေ ဦးသိန်းသန်းဦးကတော့ မိတ္ထီလာခရိုင် တရားရုံးရဲ့ စစ်ဆေးချက်တွေဟာ တရားမျှတမှုရှိပြီး တရားခံအခွင့်အရေးတွေ အပြည့်အဝရရှိနေတယ်လို့ ပြောပါတယ်။

အခုစွဲချက်တင်ခံထားရသူ ၆ ဦးစလုံးဟာ ပြစ်မှုထင်ရှားရင် သေဒဏ်အထိကျခံရနိုင်ပြီး၊ အသက်မပြည့်သေးတဲ့ မောင်ညီညီနိုင်ကတော့ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် ကျခံရနိုင်တယ်လို့ သိရပါတယ်။