ရန်ကုန်ဆေးရုံကြီး အမြန်ဆုံး ပြုပြင်နိုင်ဖို့ ပြင်ဆင်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့ဟာ ဒီနေ့မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးကော်မတီ အစည်းအဝေးကို တက်ရောက်ခဲ့ပြီး ဆေးရုံအဆောက်အဦးတွေကို အမြန်ဆုံးပြုပြင်ဖို့နဲ့ ဆေးရုံပြင်ဆင်နေစဉ်အတွင်း လူနာတွေကို ရွှေ့ပြောင်းထားရှိရေးကိစ္စတွေကို ဆွေးနွေး ခဲ့ပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံ အဆင့်မြှင့်တင်ရေးအတွက် ဆွေးနွေးဖြစ်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ NLD အမျိုးသားကျန်းမာရေးကွန်ရက် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက RFA ကို အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကတော့ ပထမဦးဆုံးအနေနဲ့ အဆောက်အဦးနဲ့ ပတ်သက်တာကိုပေါ့နော်၊ ဒီကိစ္စကိုမူအားဖြင့် ချပေးပြီးတော့ မြန်မြန်ထက်ထက်လုပ်ဖို့ပေါ့၊ ဘာလို့လဲဆိုရင် ဒီအစည်းအဝေးက အခုဆိုလို့ရှိရင် အနည်းဆုံးး ၄ ကြိမ်ဖြစ်သွားပြီ၊ ဘယ်လိုစမလဲ၊ ဘယ်နေရာကနေ စလုပ်မလဲ၊ နောက်တစ်ခုက လူနာတွေအတွက် ရွေ့ပြောင်းဖို့၊ဘယ်လိုလုပ်ကြမလဲ၊ ပြီးတော့ ဒီဆေးရုံရွေ့ပြောင်းဖို့အတွက်က ဘယ်နေရာမှာ လူနာတွေကို သွားထားကြမလဲ၊ ဘယ်စီမံကိန်း၊ ဘယ်စီမံချက်ပဲလုပ်လုပ်၊ ဆရာတို့က လူသားပေါ့နော်၊ အထူးအဖြင့် မြန်မာပြည်မှာဆိုရင် လူ့အရင်းအမြစ်ပဲခေါ်ခေါ် လူနာပေါ့၊ သူတို့ရဲ့သက်သာချောင်ချိရေး အဲဒါတွေလုပ်ရမယ်ဆိုတော့ အဲဒါတွေလည်း ဆွေးနွေးကြတာပေါ့”

ဆေးရုံကြီးကို အဆောက်အဦးပိုင်းဆိုင်ရာ ပြင်ဆင်ရေး၊ လိုအပ်တဲ့အထောက်အကူပြု ပစ္စည်းကိရိယာတွေ ဖြည့်ဆည်းရေးနဲ့ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အရည်အချင်း မြှင့်တင်ရေးတို့အတွက်ပါ ဆွေးနွေးခဲ့ကြပါတယ်။

အလားတူပြီးခဲ့တဲ့ NLD အနေနဲ့ မြန်မာနိုင်ငံ ကျန်းမာရေးကဏ္ဍ တိုးတက်လာအောင် နိုင်ငံတကာက နည်းပညာအကူအညီနဲ့ ဝိုင်းဝန်းကြိုးပမ်းသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကျန်းမာရေးဆိုင်ရာ ညီလာခံမှာ ပြောခဲ့ပါတယ်။