မိထ္တီလာမြို့မှာ မတ်လ (၂၀) ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်အတွင်း ဆူပူအကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ကြသူ ဗုဒ္ဓဘာသာဝင် (၂၅) ဦးကို ဗုဒ္ဓဟူးနေ့နဲ့ကြာသပတေးနေ့တွေမှာ ခရိုင်တရားရုံး နဲ့မြို့နာ်တရားရုံးတွေက ထောင်ဒဏ် (၂) နှစ် ကနေ (၁၅) နှစ်အထိ အသီးသီး ချမှတ်လိုက်ကြောင်း AP သတင်းက ဖော်ပြလိုက်ပါတယ်
မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေမှာ ပြစ်မှုကျူးလွန်ခဲ့ကြသူတွေကို ဥပဒေအရ အရေးယူ အပြစ်ပေးရာမှာ အစ္စလမ်ဘာသာဝင်တွေကိုသာ ပိုပြီးအပြစ်ပေးခံရတယ် ဆိုတဲ့ သတင်းရေးသား ချက်တွေ နိုင်ငံတကာမီဒီယာတွေမှာ တွေ့ရပါတယ်။ အခုလတ်တလော ပြစ်ဒဏ်ချမှတ်ခံရသူတွေ အများစု ကတော့ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။ ဒါပေမဲ့ မူဆလင်တွေအပေါ်ချမှတ်ခဲ့တဲ့ပြစ်ဒဏ်က ပိုပြီးကြီးလေး နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ထွက်ပေါ်လာကြောင်း AP သတင်းက ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မိတ္ထီလာ ခရိုင် ဥက္ကဌ ဦးတင်မောင်စိုး က အဓိကရုဏ်းမှုနဲ့ တရားစွဲခံရသူ (၇၃) ဦးမှာ အများစုက ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတယ်လို့ ဆိုပါတယ်။ မိတ္ထီလာ ခရိုင် ဥပဒေအရာရှိ ဒေါ်ခင်ဝင်းဖြူ ကလည်း ပြစ်ဒဏ် စီရင်ချက်တွေဟာ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေအပါ် အခြေခံပြီး ဥပဒေ နဲ့အညီ ချမှတ်တာဖြစ်ကြောင်း၊ တရားရုံးတွေဟာ ဆန္ဒစွဲ နဲ့ အဂတိလိုက်ပြီး ချမှတ်ခဲ့တာမဟုတ်ကြောင်း AP သတင်းကို ပြောဆိုခဲ့ပါတယ်။
ဘာသာရေးလူမျိုးရေး ပဋိပက္ခတွေကြောင့် အဖမ်းဆီးခံခဲ့ရသူပေါင်း (၁၅၀၀)နီးပါးရှိပြီး၊(၅၃၅) ယောက် ပြစ်ဒဏ် ချမှတ်ခဲ့ပြီးဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာက ဖော်ပြပါတယ်။ အများစု ဟာ ရခိုင်ပြည်နယ် မှာ ဖြစ်ပွားခဲ့တာပါ။
မိတ္ထီလာ ပဋိပက္ခကြောင့် လူပေါင်း တစ်သောင်းနှစ်ထောင် နေရာရွှေ့ပြောင်းခဲ့ရပြီး၊ မူဆလင် ၃၅၀၀ လောက်နဲ့ ဗုဒ္ဓဘာသာ ၈၅၀ လောက် ယာယီတဲတွေနဲ့ နေထိုင်နေရဆဲဖြစ်ပါတယ်။ အခုအခါ အစ္စလာမ် ဥပုဒ်ကာလအတွက် မိတ္ထီလာမြို့က ဗလီ သုံးလုံး ဗုဒ္ဒဟူးနေ့က ပြန်ဖွင့်လိုက်ပြီး၊ အာဏာပိုင်တွေက လုံခြုံရေးပေးထားတယ်လို့ သိရပါတယ်။
