မိတ္ထီလာ အကြမ်းဖက်မှုအတွက် ၆ ဦးကို မေ ၂၁ မှာ စီရင်ချက်ချမည်

ပြီးခဲ့တဲ့မတ်လက မိတ္ထီလာမြို့တွင်းမှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခမှာ သံဃာတော်တစ်ပါး အသတ်ခံရမှုနဲ့ ပတ်သက်တဲ့ သံသယရှိသူ ၇ ဦးထဲက ၆ ဦးကို လာမယ့် မေလ ၂၁ ရက်နေ့မှာ အမိန့်ချမှတ်မယ်လို့ သိရပါတယ်။

ဒီကနေ့ရုံးချိန်းဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး ဒီနေ့ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်တွေ ပေးခဲ့တယ်လို့ အဲ့ဒီအမှုမှာ စွဲချက်တင်ခံထားရသူတချို့ကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသိန်းသန်းဦးက RFA ကို ပြောပါတယ်။

"အပြီးသတ်လျှောက်လဲချက်ပေါ့ဗျာ၊ အပြစ်မရှိကြောင်း လျှောက်လဲချက်ပေးရပါတယ်၊ အားလုံးပြီးပါပြီ၊ နောက်ဆုံးအဆင့်ပါ၊ အမိန့်ချဖို့ပဲ ကျန်ပါတော့တယ်၊ နောက်ဆုံးတော့ တရားရုံးနဲ့ ပြည်သူရဲ့အဆုံးအဖြတ်ပဲ ကျန်ပါတော့တယ်"

ဒီအမှုမှာ သံသယရှိသူ ၇ ဦးထဲက ၁ ဦးက အသက် ၁၆ နှစ် မပြည့်သေးတဲ့အတွက် ကလေးသူငယ်တရားရုံးကို လွှဲပြောင်းလိုက်ပြီး ကျန်တဲ့ ၆ ဦးကို အမိန့်ချမှာဖြစ်ပါတယ်။

စွဲချက်တင်ခံထားရသူ ၆ ဦးထဲက တစ်ဦးကို ပုဒ်မ ၁၄၄ အရ အစုအဝေးမှာ ပါဝင်မှု၊ ပုဒ်မ ၂၉၅(က) သာသနာညိုးနွမ်းစေမှု၊ ပုဒ်မ ၃၀၂-၁(ဂ) ပြစ်မှုကျူးလွန်စဉ်မှာ လူသတ်မှုစတဲ့ ပုဒ်မ ၃ ခုနဲ့ တရားစွဲထားပြီး ကျန်တဲ့ ၅ ယောက်ကိုတော့ အဲဒီပုဒ်မ ၃ခု အပြင် ပုဒ်မ ၁၁၄ ဖြစ်စဉ်မှာ ကိုယ်တိုင်ကြည့်ပြီး အားပေးကူညီတယ်ဆိုတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

အခုစွဲချက်တင်ခံထားရသူ ၆ ဦးစလုံးဟာ ပြစ်မှုထင်ရှားရင် သေဒဏ်အထိကျခံရနိုင်ပြီး၊ အသက်မပြည့်သေးတဲ့ မောင်ညီညီနိုင်ကတော့ အမြင့်ဆုံးထောင်ဒဏ် ၇ နှစ် ကျခံရနိုင်တယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တဲ့ နယူးဝိန့်စိန်ရွှေဆိုင်ပိုင်ရှင် ၂ ဦး၊ ဆွေမျိုးတော်စပ်သူ ၁ ဦးကို ဧပြီလတွင်းက ထောင်ဒဏ် ၁၄ နှစ်စီ အသီးသီးပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။