၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးခဲ့တာကြောင့် အကျဉ်းကျခံခဲ့ရ ပြီး ပြန်လွတ်လာတဲ့ ဗိုလ်မှူးကျော်စွာဝင်းကို မြန်မာသံတော်ဆင့် သတင်းဌာနကနေ လူထုရှေ့ဆောင်ဆု ပေးအပ် ချီးမြှင့်လိုက်ပါတယ်။
ဒီဆုကို ရန်ကုန်မြို့ Dolphin စားသောက်ဆိုင်မှာ ဒီနေ့ ပေးအပ်ခဲ့တာဖြစ်ပြီး အမှန်တရားဘက်က ရပ်တည်ခဲ့သူ တစ်ယောက်အနေနဲ့ ချီးမြှင့်ခံရတာလို့ ယူဆမိကြောင်း ဗိုလ်မှူးကျော်စွာဝင်းက ပြောပါတယ်။
"မြန်မာသံတော်ဆင့်က လူမှုထူးချွန်ဆု ၅ ခုပေးခဲ့ပါတယ်၊ အစိုးရတစ်ရပ်သော်လည်းကောင်း အဖွဲ့အစည်းသော် လည်းကောင်း အာဏာပိုင်သော်လည်းကောင်း ဒီလိုဟာမျိုးတွေက ဖိနှိပ်ချုပ်ချယ်တာတွေရှိပါတယ်၊ ဒီလိုဖိနှိပ် ချုပ်ချယ်တဲ့အခါမှာ အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့တစ်ယောက်အနေနဲ့ ဒါလူထုရှေ့ဆောင်ဆုပေးတယ်လို့ ကျနော်ယူဆပါတယ်၊ ဒါလူထုရှေ့ဆောင်ဆု ပေးတဲ့လူတွေက ဒါတွေထိုက်တန်ရဲ့လားဆိုတာက ကျနော်အနေ နဲ့မြင်တဲ့အခါမှာ ဒီ ၅ ဦးလုံး ထိုက်တန်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒီလူထုရှေ့ဆောင်ဆု ရခဲ့တဲ့လူတွေသည် အမှန်တရားရဲ့လိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းပေးခဲ့တဲ့လူတွေပါ"
မြန်မာသံတော်ဆင့် သတင်းဌာနက လူထုရှေ့ဆောင်ဆုကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ အကျဉ်းကျနေတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်၊ ဗိုလ်မှူးကျော်စွာဝင်းနဲ့ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ကျောင်းသူ ကျောင်းသားတွေကို ပေးအပ်ချီးမြှင့်ခဲ့တာဖြစ် ပါတယ်။
ဒီဆုကို ပြီးခဲ့တဲ့ မတ်လက အခမ်းအနားနဲ့ ပေးအပ်ခဲ့ရာမှာ ဗိုလ်မှူးကျော်စွာဝင်းဟာ အကျဉ်းကျခံနေရတဲ့အတွက် အခုပြန်လည်လွတ်မြောက်လာချိန်မှာ ပေးအပ်တာဖြစ်ပါတယ်။
ဗိုလ်မှူးကျော်စွာဝင်းဟာ ပြင်ဦးလွင်မြို့နယ်မှာ NLD ပါတီက ဦးဆောင်တဲ့ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ခံပွဲ မှာ ဝင်ရောက်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် တပ်မတော် အက်ဥပဒေပုဒ်မ ၆၅ စစ်စည်းကမ်း မလိုက်နာမှု၊ တပ်မတော်အက်ဥပဒေပုဒ်မ ၄၁ (င) အမိန့်မနာခံမှုတွေနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရတာပါ။
သူဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃ဝ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့အမိန့်နဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ပြီး မန္တလေး အိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်မှူးကျော်စွာဝင်းကို RFA သတင်းထောက် မဝေယံမိုးမြင့် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။