မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်တယ်လို့ ယူဆရပြီး မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေတွင်း မြန်မာနိုင်ငံသား အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ရပြီးတဲ့နောက် လုံခြုံရေးအကြောင်းပြချက်နဲ့ မြန်မာနိုင်ငံသား ၉ဝဝ ကျော်ကို ဖမ်းဆီးလိုက်တဲ့အကြောင်း မလေးရှားရဲတပ်ဖွဲ့က ဒီနေ့ပြောကြားပါတယ်။
မြန်မာနိုင်ငံသားတွေများတဲ့နေရာတွေမှာ ဖမ်းဆီးတာလို့ မလေးရှားမှာ နေထိုင်နေတဲ့ ဦးထွန်းထွန်းက ပြောပါတယ်။
မေလ ၃ဝ ရက်ကစပြီး ကွာလာလမ်ပူမြို့မှာ မြန်မာဗုဒ္ဓဘာသာဝင်တွေ တိုက်ခိုက်ခံရချိန်မှာ ၂ ဦး သေဆုံးခဲ့တယ်လို့ ကွာလာလမ်ပူမြို့တော် ဒုရဲချုပ် Amar Singh Ishar Singh က ပြောပါတယ်။
နောက်နှစ်ဦးလည်း စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ပြောကြားပြီး ဒါတွေဟာ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်တယ်လို့ ယုံကြည်ရတဲ့အကြောင်းပြောပါတယ်။
မလေးရှားမှာ မြန်မာနိုင်ငံသားတွေ ဒီလိုတိုက်ခိုက်ခံရတဲ့အတွက် အသက်ဆုံးရှူံးရတာတွေ၊ ထိခိုက်ဒဏ်ရာရရှိတာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှားသံအမတ်ကြီးကို ပြီးခဲ့တဲ့ အင်္ဂါနေ့က သတိထောက်လွှာတစ်စောင် ပေးအပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေ တိုက်ခိုက်ခံရမှုအတွက် ချက်ချင်းစုံစမ်းစစ်ဆေးဖော်ထုတ်ပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူဖို့၊ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ဖို့နဲ့ နောင်ဒီလိုဖြစ်ရပ်မျိုး မပေါ်ပေါက်ရအောင် မလေးရှားအစိုးရက အရေးယူဆောင်ရွက်ပေးဖို့ သတိထောက်လွှာမှာ ပါရှိပါတယ်။
သတိထောက်လွှာပေးအပ်ပြီးတဲ့ နောက်တနေ့မှာ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတာဖြစ်ပြီး ဒါဟာ ဒီလိုအဓိပ္ပာယ်မဲ့လုပ်ရပ်တွေ ရပ်တန်းကရပ်သွားအောင်နဲ့ မလေးရှားနိုင်ငံထဲ ဒီလိုအကြမ်းဖက်မှုတွေ ယူဆောင်မလာဖို့ ရှင်းရှင်းလင်းလင်း သတိပေးတာဖြစ်တယ်လို့ ကွာလာလမ်ပူမြို့တော် ဒုရဲချုပ်က ပြောပါတယ်။
အဖမ်းခံလိုက်ရတဲ့သူတွေထဲက လူ ၂၅ဝ ကျော်မှာ လိုအပ်တဲ့စာရွက်စာတမ်း အထောက်အထားတွေ မရှိတဲ့အတွက် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနကို လွှဲအပ်လိုက်တယ်လို့လည်း ပြောကြားပါတယ်။