မလေးရှား လေယာဉ် ရှာဖွေရေး မြန်မာပါဝင်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ပျံသန်းနေစဉ်အတွင်း ရုတ်တရက် ပျောက်ဆုံးသွားခဲ့တာ သီတင်းတစ် ပတ်ကျော်ရှိသွားပြီဖြစ်တဲ့ မလေးရှားခရီးသည်တင် Boeing 777 လေယာဉ်ကို ဝိုင်းဝန်းရှာဖွေပေးနေ ကြတဲ့ နိုင်ငံပေါင်း ၂၅ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်လာပြီဖြစ်ပါတယ်။

မလေးရှားအစိုးရရဲ့ မေတ္တာရပ်ခံချက် အရ မြန်မာ့ရေပိုက်နက်နဲ့ လေပိုင်နက်အတွင်း သီတင်းတစ်ပတ် ရှာဖွေခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကစပြီး မြန်မာရေတပ်သင်္ဘော သုံးစင်းဟာ မြန်မာ့ရေပိုင်နက်အတွင်း ရှာဖွေရေးတွေ စတင်ခဲ့တယ်လို့ တရုတ်ပြည်သူ့ နေ့စဉ်သတင်း က ဖော်ပြပါတယ်။ အိန္ဒိယ၊ မလေးရှား ရေတပ် သင်္ဘောတွေနဲ့အတူ မုတ္တမပင်လယ်ကွေ့နဲ့ ဘင်္ဂလားပင်လယ်အော်အတွင်း ရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။

အလားတူ ဘင်္ဂလားပင်လယ်အော်က မြန်မာလေပိုင်နက်အတွင်း အိန္ဒိယလေတပ် လေယာဉ်တစ်စီး စနေနေ့က စတင်ရှာဖွေခဲ့ပြီး၊ တနင်္ဂနွေနေ့မှာ အမေရိကန်လေယာဉ်တစ်စီး ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ မြန်မာ ကိုကိုးကျွန်းနဲ့ အိန္ဒိိယ နီကိုဘာကျွန်းတွေတဝိုက် ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားမှုမတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

မလေးရှား လေယာဉ်ရှာဖွေရေးမှာ လိုအပ်လာရင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မြန်မာအစိုးရက ရှာဖွေကယ်ဆယ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းထားတယ်လို့လည်း သိရပါတယ်။