မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံက မြန်မာသံရုံးရှေ့မှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အတိုက်အခံ ပါတီဝင်တွေနဲ့ မလေးရှားရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ ရာဂဏန်းလောက် မနေ့က စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက သံရုံး တာဝန်ရှိသူတွေနဲ့ တွေ့လိုကြောင်း ပြောဆိုပေမဲ့ တွေ့ခွင့်မရဘူးလို့ သိရပါတယ်။ အလားတူ အင်ဒိုနီးရှားနိုင်ငံမှာ အကျဉ်းကျနေတဲ့ အစွန်းရောက် ဘာသာရေး ခေါင်းဆောင် အဘူ ဘေကာ ဘက်ရှီးယားကလည်း မြန်မာမူဆလင်တွေနဲ့ ရိုဟင်ဂျာတွေအပေါ် ဆက်လက် ဖိနှိပ်နေမယ်ဆိုရင် မြန်မာနိုင်ငံကို ဘာသာရေးစစ်ပွဲ ဆင်နွဲရလိမ့်မယ်လို့ သမ္မတ ဦးသိန်းစိန်ဆီကို စာရေးသား ပေးပို့ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံမှာလည်း ဘာသာရေးအဖွဲ့တွေက မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်အရေးနဲ့ ပတ်သက်ပြီး လာဟိုနဲ့ ပက်ရှဝါမြို့တွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ပါကစ္စတန် အင်တာနက်ပေါ်မှာလည်း ဆန့်ကျင် ရှုတ်ချမှုတွေ ပြည့်နှက်နေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပြည်ပ မူဆလင်နိုင်ငံတွေမှာ ရေးသားနေတာတွေ၊ ဆန္ဒပြပွဲတွေမှာ ကြွေးးကြော်နေတာတွေနဲ့ အင်တာနက်မှာ ဖော်ပြနေတာတွေဟာ အဖြစ်မှန်ထက် ပုံကြီးချဲ့ထားတာတွေ က ပိုပြီးများပြားနေကြောင်း The Christian Science Monitor သတင်းဌာနက မနေ့က ပြောဆိုလိုက်ပါတယ်။

သတင်းတွေမှာ ဖော်ပြနေတဲ့ ဓာတ်ပုံတွေဟာလည်း လိမ်ညာထားတဲ့ပုံတွေ ဖြစ်ကြောင်း မီဒီယာ စောင့်ကြည့်ရေး အဖွဲ့တွေနဲ့ ပါကစ္စတန်မှာ ထင်ရှားတဲ့ Express Tribune သတင်းစာကြီးတို့က သက်သေ အထောက်အထားတွေနဲ့ ထုတ်ဖော်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တချို့ အစ္စလာမ်မစ် အဖွဲ့အစည်းတွေဟာ မိမိတို့ အဖွဲ့အစည်းအတွက် ရန်ပုံငွေ ရရှိအောင် နိုင်ငံရေးအရ ထောက်ခံမှုရအောင် မြန်မာနိုင်ငံက ရိုဟင်ဂျာကိစ္စကို လိမ်ညာပုံကြီးချဲ့ပြီး အစ္စလာမ် ဘာသာဝင်တွေရဲ့ ဘာသာရေး စိတ်ဓာတ်ကို လှုံ့ဆော်နေကြတာ ဖြစ်တယ်လို့ Bytes For All ခေါ် ပါကစ္စတန် အင်တာနက် တက်ကြွ လှုပ်ရှားသူများအဖွဲ့ ညွန်ကြားရေးမှူးက ပြောဆိုကြောင်း The Christian Science Monitor သတင်းဌာနက ဖော်ပြပါတယ်။