ပိတ်ဆို့မှုတွေအားလုံး ရုပ်သိမ်းဖို့ မဖြစ်နိုင်သေးရင်လည်း အခြေအနေတွေကို လေ့လာသုံးသပ်ပြီး တဖြည်းဖြည်းချင်း လျော့ချသွားသင့်တယ်လို့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အလည်အပတ်ရောက်ရှိခဲ့တဲ့ မလေးရှားဝန်ကြီးချုပ် မစ္စတာ နာဂျစ် ရာဇက်က နေပြည်တော်မှာ သတင်းထောက်တွေကို မနေ့က ပြောလိုက်တာပါ။
မြန်မာပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေဟာ နောက်ပြန်ဆုတ်သွားမှာ မဟုတ်ဘူးလို့ သမ္မတ ဦးသိန်းစိန်က ပြောဆိုကြောင်း၊ ဦးသိန်းစိန်ဟာ အပြောင်းအလဲ လိုလားသူအဖြစ် မိမိမှတ်ယူကြောင်း၊ လာမယ့်ကြားဖြတ် ရွေးကောက်ပွဲ လွတ်လပ်မျှတမယ်ဆိုရင် နိုင်ငံတကာက ပိုပြီးယုံကြည်လာမှာဖြစ်ကြောင်း၊ မိမိအနေနဲ့ကတော့ မြန်မာ့ အပြောင်းအလဲတွေအတွက် အားရမိကြောင်း မစ္စတာ နာဂျစ် ရာဇက်က ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ သဘာဝသယံဇာတနဲ့ လူ့လုပ်အားတွေ ကြွယ်ဝကြောင်း၊ တစ်ချိန်တည်းမှာ ကမ္ဘာ့စီးပွားရေးနဲ့ ချိတ်ဆက်မိဖို့လိုကြောင်း၊ ဆက်သွယ်ရေးစနစ်နဲ့ ဘဏ်လုပ်ငန်းစနစ်တွေ ခေတ်မီဆန်းသစ်ဖို့ လိုအပ်နေကြောင်း ပြောဆိုခဲ့ပါတယ်။
မလေးရှားဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်း၊ သစ်လုပ်ငန်းတွေ ပူးတွဲဆောင်ရွက်ဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်အခြေစိုက် လုပ်ကိုင်နေသူ မလေးရှားလုပ်ငန်းရှင်ပေါင်း ၂၀၀ လောက်ရှိပြီး၊ မြန်မာနိုင်ငံ မလေးရှားအသင်းကိုလည်း ဖွဲ့စည်းထားပါတယ်။
၁၉၉၇ ခုနှစ် မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင် ဖြစ်လာရေးမှာ မလေးရှားက အဓိကအခန်းက ပါဝင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ တာဝန်ယူဖို့အတွက်လည်း မလေးရှားကပဲ ဆော်သြခဲ့တာ ဖြစ်ပါတယ်။