မလေးရှားရောက် မြန်မာနိုင်ငံ သားတွေကို သံရုံး သတိပေး


2014.07.11
malasia-305 မလေးရှားနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားများအနေနဲ့ အထူးဂရုပြုသွားလာနေထိုင်ဖို့ မြန်မာသံရုံးမှ သတိပေးစာကို ဇူလိုင်လ ၁၀ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားစဉ်
Photo: Hmuu Zaw

မလေးရှားနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားများအနေ နဲ့ မိမိတို့လုံခြုံရေးကို အထူးဂရုပြုသွားလာနေထိုင်ဖို့ မလေး ရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ သတိပေးစာကို ဇူလိုင်လ ၁၀ရက်နေ့စွဲနဲ့ ထုတ်ပြန်ထား ပါတယ်။

မလေးရှားနိုင်ငံအတွင်း ဇူလိုင်လ ၁ရက်နေ့ကစပြီး ဇူလိုင်လ ၉ ရက်နေ့အတွင်း မြန်မာနိုင်ငံသား ၄ ဦး ဓါးခုတ်ခံပြီး သေဆုံးခဲ့ရတာကြောင့် သံရုံးက ခုလို သတိပေးစာထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံသားတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး ဆိုင်ကယ်စီးအုပ်စုတွေက သတ်ဖြတ်တာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ အုပ်စုတစ်ခုခုက ရည်ရွယ် ချက်ရှိရှိနဲ့ ဆောင်ရွက်နေတာလို့ မမြင်မိကြောင်း ကွာလာလမ်ပူမြို့ မြန်မာသံရုံးက အလုပ်သမားရေးရာ သံအရာရှိ ဦးမင်းမင်းဝင်း က ပြောပါတယ်။

"အဲ့လို မော်တော်ဆိုင်ကယ်သမား သတ်တယ် ဆိုတာလည်း သိရဆဲပဲရှိတာပါ၊ အကုန်လုံး က မော်တော်ဆိုင်ကယ်သမား သတ်တယ်ဆိုတာ မဟုတ်ဘူးဆိုတာ မဟုတ်လောက်ဘူးထင်တယ်၊ ဒီရက်ထဲမှာကြားရသလောက်တော့ မော်တော် ဆိုင်ကယ်သမားချည်းပဲ သတ်နေတဲ့ပုံစံမျိုးတော့ မဟုတ်ဘူး၊ ကျနော့် အမြင်ကတော့ အဲ့လိုမြင် ပါတယ်ခင်ဗျ၊ အဖွဲ့တစ်ဖွဲ့တည်းက ရည်ရွယ်ချက် ရှိရှိလုပ်နေတာတော့ မဟုတ်ပါဘူး ကြုံကြိုက်သွားလို့ပဲ ဖြစ်ပါလိမ့်မယ်ဗျ၊ သူတို့ဟာ သူတို့ပတ်သက်မှှု ဘာညာတော့ရှိပါလိမ့်မယ် ဒါပေမဲ့ အဲ့လို မလေးရှားနိုင်ငံမှာတော့ နေရာတကာဖြစ်နေတာတော့ လုံးဝမဟုတ်ပါဘူး၊ ကျနော်ထင်တာတော့ ပုဂ္ဂိုလ်ရေးဆက်သွယ်မှှုတွေ ပတ်သက်လိမ့်မယ်လို့ ထင်ပါတယ်ဗျ၊ ဒါကတော့ သူတို့ကိုယ်တိုင်မှပဲ သိမှာလေ အမျိုးမျိုးတော့ ပြောနေကြတာပဲ"

ခုလို မြန်မာနိုင်ငံသားတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး မြန်မာသံရုံးက သံအမတ်ကြီးနဲ့ စစ်သံမှူးတို့ဟာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ သွားရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံသားများကို အကြမ်းဖက်တိုက်ခိုက်မှုများမှ ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ ကျူးလွန်တဲ့တရားခံများကို အမြန်ဆုံးဖေါ်ထုတ်အရေးယူပေးဖို့ မေတ္တာရပ်ခံထားတယ်လို့သိရပါတယ်။

မလေးရှားနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ အသတ်ခံရမှုတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ ပိုမိုများပြားခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်း အသတ်ခံရတဲ့ မြန်မာနိုင်ငံ သား ၃၀ခန့်ရှိပြီး အသတ်ခံရသူအများစုဟာ ကွာလာလမ်ပူနဲ့ ပီနန်းမြို့တွေကဖြစ်တယ်လို့ ကပုန်းနာရေးကူညီမှုအသင်း ကပြောပါတယ်။

မလေးရှားနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၅ သိန်းလောက်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။