ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ပတ်သက်ပြီး မလေးရှားနဲ့ ထိုင်းနိုင်ငံမှာဆန္ဒပြ

ဒီကနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကအရေးအတွက် လူ သုံးထောင်ကျော်လောက် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိပါတယ်။

သောကြာနေ့ ဘုရားဝတ်ပြုအပြီးမှာ မွတ်ဆလင် သုံးထောင်လောက်ဟာ မြန်မာသံရုံးရှိရာကို ချီတက်ဆန္ဒပြခဲ့ကြပြီး သူတို့ရဲ့ ထုတ်ပြန်ချက်ကိုလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲဟာ မလေးရှားနိုင်ငံက အစ္စလာမ်းမစ် အန်ဂျီအိုတွေက အဓိက ဦးဆောင်ခဲ့တာဖြစ်တယ်လို့ မလေးရှားမှာ မြန်မာအလုပ်မားတွေကို အကူအညီပေးနေတဲ့ Burma Campaign Malaysia က ကိုထွန်းထွန်းက အခုလို ပြောပါတယ်။

"ဒီဆန္ဒပြတာ ဦးဆောင်တာက မလေးရှားမှာရှိတဲ့ ဒီအစ္စလာမ်ရေးအခြေခံ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းပေါ့၊ NGO ၇၀ ကဦးဆောင်ပြီး လုပ်သွားတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ဟာတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့၊ နောက်တခါ သူတို့ ဒီ ရိုဟင်ဂျာဘက်ကနေ ရပ်တည်ပြီးတောင်းဆိုသွားတယ်လို့ ကျွန်တော်တို့က မြင်တယ်"

ဒီကနေ့ ဆန္ဒပြပွဲတွေကို ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ ချီတက်ဆန္ဒပြတယ်လို့ AFP သတင်းက ရေးသားပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အရေးကို မလေးရှားရောက်မြန်မာနိုင်ငံသားတွေနဲ့ Burma Campaign Malaysia ကတော့ အေးအေးချမ်းချမ်း ပြီးဆုံးစေလိုတယ်လို့ ကိုထွန်းထွန်းက ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်တချို့မှာ ရိုဟင်ဂျာမွတ်ဆလင် ထောင်နဲ့ချီအသတ်ခံရတယ်။ သောင်းနဲ့ချီ ဒုက္ခရောက်တယ် စသည်ဖြင့် အချက်အလက် မှားယွင်း ဖော်ပြတာတွေ ရှိတာကိုတွေ့ရှိကြောင်း၊ ဒါကြောင့်နားလည်မှု လွဲမှားတာတွေမဖြစ်စေလိုကြောင်း ကိုထွန်းထွန်းက ပြောဆိုခဲ့ပါတယ်။

"အဓိက ကတော့ပြေလည်ရေးကို ကျွန်တော်တို့ မြင်ချင်တယ်။ သို့သော်ငြားလည်း မလေးရှားမှာက ဒီပြဿနာကို အခြေခံပြီးတော့ ကိုယ်ကျိုးစီးပွားအတွက် ကိုယ့်အဖွဲ့အစည်းအတွက် လုပ်ချင်တဲ့ NGO အဖွဲ့အစည်းက ခပ်များများဆိုတော့ ကျွန်တော်တို့ သတင်းဋ္ဌာနအနေနဲ့က သတိဝိရိယနဲ့ ထားပြီးလုပ်ဖို့ ကျွန်တော်တောင်းဆိုချင်တယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် Channel New Asia မှာလည်း ဒီဥစ္စာကိုပုံဖော်သွားတာ မီဒီယာတွေ ဦးဆောင်တဲ့ပုံစံအနေနဲ့ ပုံဖော်သွားတဲ့ အနေအထားမျိုး တွေ့နေရတယ်။ ဗမာပြည်ရဲ့ ဆိုရှယ်နက်ဝပ်ခ်တွေမှာလည်း အဲဒီပုံသဏ္ဌာန်ကိုပဲ သူတို့ရေးနေကြတယ်။ တကယ်တန်းကတော့ မဟုတ်ဘူး။ မလေးရှားမှာရှိတဲ့ အစ္စလာမ်ဘာသာရေး အခြေခံ NGO အဖွဲ့ကပူးတွဲလုပ်ဆောင်သွားတဲ့ ပွဲတပွဲ ဖြစ်တယ်လို့ ကျွန်တော်ပြောချင်တယ်"

မြန်မာနိုင်ငံ ရခိုင်ပြည်ကအရေးကို ကုလသမဂ္ဂက ဝင်ရောက်လေ့လာသူ စေလွှတ်ဖို့နဲ့ အကူအညီပေးဖို့ လိုအပ်ကြောင်း၊ ဒါ့အပြင်လက်ရှိအစိုးရက အခြေအနေတွေအေးဆေးသွားပြီလို့ ကြေညာပေမယ့် ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေဟာ ဆက်လက်ဆိုးရွားဆဲ ဖြစ်ကြောင်း မြန်မာရိုဟင်ဂျာ လူ့အခွင့်ရေးအဖွဲ့က ကြေညာချက်မှာ တောင်းဆိုထားကြောင်းကိုလည်း AFP သတင်းက ရေးသားထားပါတယ်။

အလားတူ ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာလည်း မြန်မာတိုင်းရင်းသား အဖွဲ့ ၉ ဖွဲ့က ဆန္ဒပြခဲ့ကြပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် ကိုအောင်မြတ်စိုးက သတင်းပေးပို့ထားပါတယ်။

0:00 / 0:00