မလေးရှားနိုင်ငံ ဆာလာရမ်းမြို့ ရန်ပြုမှု မြန်မာနိုင်ငံသား ၂ ဦးသေဆုံး

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ဆာလာရမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့နဲ့ သောကြာနေ့ ၂ ရက်အတွင်း လူတချို့ရဲ့ရန်ပြုတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံသား ၂ ဦး အသတ်ခံရပြီး ၄ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

သေဆုံးသူ ၂ ဦးမှာ တစ်ဦးက ရန်ကုန်မြို့ကနေ အလုပ်သွားလုပ်နေတဲ့ ကိုမင်းဇော် (ခ) နာဆစ် ဆိုသူဖြစ်ပြီး၊ နောက်တစ်ယောက်ရဲ့အမည်ကိုတော့ မသိရသေးဘူးလို့ ဆာလာရမ်းမြို့နယ်နဲ့ကပ်လျက် ကပုမ်းမြို့နယ်က နာရေးကူညီမှုအသင်း ဥက္ကဌ ကိုဆန်းဝင်းက ပြောပါတယ်။

"သေတာ ၂ ယောက်၊ ဒဏ်ရာရတာ ၄ ယောက် မနေ့ကဒဏ်ရာရတဲ့ ၂ ယောက်က အခြေနေမကောင်းဘူး၊ သေတဲ့တစ်ယောက်က ကိုမင်းဇော်နဲ့ နောက်တစ်ယောက်က စာရွက်စာတမ်းတွေ ဒီမနက်မှရမယ်၊ နာမည်မသိရသေးဘူး၊ သူတို့ကဆာလာရမ်းဆိုတဲ့မြို့မှာ သီရိမင်္ဂလာဈေးကြီးရှိတယ်၊ အဲ့ဈေးကြီးမှာ အလုပ်လုပ်ကြတာ"

မျက်မြင်တချို့ရဲ့ပြောဆိုချက်အရ တိုက်ခိုက်သူတွေဟာ မလေးရှားနိုင်ငံသားတွေမဟုတ်ပဲ မြန်မာနိုင်ငံက လာသူတွေပဲဖြစ်တယ်လို့ သိရပါတယ်။

ဆန်တူးရဲစခန်းက ဒုရဲမှူး အဗူဘာကာ က ရန်ပြုခံရလို့ ထွက်ပြေးလွတ်မြောက်လာသူ မြန်မာတစ်ယောက်သူတို့ စခန်းကိုလာတိုင်တဲ့အတွက် ရဲစခန်းကလိုက်သွားတဲ့အခါ ဈေးဆိုင်ရဲ့အနောက်ဖက်လမ်းမှာ သေဆုံးသူရဲ့ ရုပ်အလောင်းကိုတွေ့တာလို့ ပြောဆိုကြောင်း မလေးရှားနိုင်ငံက ဘနားမားသတင်းက ဆိုပါတယ်။

ဒါ့အပြင် ထွက်ပြေးလွတ်မြောက်သွားသူရဲ့အဆိုအရ တိုက်ခိုက်သူအုပ်စုကို မမှတ်မိလိုက်ပေမယ့် သူတို့ဟာ မြန်မာနိုင်ငံကလူတွေဖြစ်တယ်လို့ ယုံကြည်ရကြောင်း အဲဒီသတင်းမှာ ရေးထားပါတယ်။

ဒီအကြမ်းဖက် တိုက်ခိုက်မှုကြောင့် အဲဒီဒေသအနီးတဝိုက်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတချို့ဟာ ကပုမ်းမြို့မှာသတင်းသုံးတဲ့ ဆရာတော် ဒေါက်တာအန္ဒိကရဲ့ သမ္ဘာသမ္ဘောဓိ ကျောင်းတိုက်ကို မနေ့က သွားရောက်ခိုလှုံကြတယ်လို့လည်း ကိုဆန်းဝင်းက ပြောပါတယ်။

"သမ္ဘာသမ္ဘောဓိ ဘုန်းတော်ကြီးကျောင်းမှာ မိန်းကလေးတွေလည်းပါတယ်၊ သူတို့က ဒီဘုန်းကြီးကျောင်းမှာနေဖို့လာတာ လောလောဆယ်တော့ ခိုလှုံလို့ရပါတယ်၊ သူတို့သွားချင်တဲ့နေရာတွေကို ကားတွေနဲ့ လိုက်ပို့ပေးတယ်၊ လောလောဆယ်တော့ ဘုန်းကြီးကျောင်းမှာ အယောက် ၂ လောက်ရှိတယ်"

ဒီအမှုမှာ တိုက်ခိုက်သူတွေကို ရဲကစုံစမ်းရှာဖွေနေပြီး၊ ဒီနေ့မနက်မှာလဲ မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့ သူတို့တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ ကိုဆန်းဝင်းက ပြောပါတယ်။