မန်းရွှေစက်တော် ဘုရားပွဲ လေ့လာညှိနှိုင်းရေးကော် မတီ ဖွဲ့စည်း

မကွေးတိုင်းဒေသကြီးလွှတ်တော်မှာ မန်းရွှေစက်တော် ဘုရားပွဲကျင်းပခြင်းဆိုင်ရာ လေ့လာညှိနှိုင်းရေး ကော်မတီ ကို လွှတ်တော်ကိုယ်စားလှယ် ၆ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ မန်းရွှေစက်တော်ဘုရားပွဲတော်ဟာ စီးပွားရေးဆန်တဲ့ ပွဲတော်ဖြစ်လာပြီး ဘုရားဖူး သူတွေအတွက် နစ်နာမှုတွေ ရှိလာတဲ့အတွက် အခုလိုကော်မတီဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ကော်မတီ ဥက္ကဌဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် က ပြောပါတယ်။

"ရွှေစက်တော်ဘုရားပွဲတော်ဟာ ၁၉၈၈ နောက်ပိုင်း နဝတ၊ နအဖ အစိုးရလက်ထက် ကိုင်တွယ်ခဲ့တဲ့ ကာလမှာ ရွှေစက်တော်ဘုရားပွဲတော်ဟာ မူလဗုဒ္ဓပူဇနိယဘုရားပွဲ ဂုဏ်အင်္ဂါအရည်အချင်းတွေ ထိခိုက်သွားတယ်၊ အခွန်အခဈေးနှုန်းကြီးမြင့်မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သဘာဝဘေး အန္တရာယ် ကာကွယ်မှုအပိုင်းတွေမှာ တော်တော့်ကို လျော့တိလျော့ရဲဖြစ်တဲ့အတွက် ဘုရားဖူးတွေ နစ်နာတယ်၊ ဗုဒ္ဓဘာသာဘုရားပွဲတစ်ခုရဲ့ ဓလေ့ထုံးထမ်းစဉ်လာတွေ ပျက်ပြားသွားတယ်၊ ဝန်ဆောင်မှုပေးတဲ့ပွဲတော်က စီးပွားရေးဆန်တဲ့ပွဲတော်ကြီး ဖြစ်သွားတာ တစ်နိုင်ငံလုံးသိတယ်၊ ဒါက ပြည်သူလူထုအကျိုးစီးပွားအတွက် လိုအပ်ချက်အနေနဲ့ ကျနော်တို့လွှတ်တော်က ဖွဲ့စည်း တာဖြစ်တယ်"

အဲ့ဒီကော်မတီဟာ အဂတိလိုက်စားမှုတွေ ရှိ/မရှိ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေနဲ့ လေလံတင် တာတွေနဲ့ပတ်သက်ပြီး လေ့လာစိစစ်သွားမှာဖြစ်ပါတယ်။

မန်းရွှေစက်တော် ဘုရားပွဲတော်ကို တာဝန်ယူကျင်းပတဲ့ ဂေါပကအဖွဲ့မှာ မကွေးတိုင်း အစိုးရအဖွဲ့ဝင်တွေ နဲ့ မကွေးခရိုင် အုပ်ချုပ်ရေးအဖွဲ့တွေ ပါဝင်ပတ်သက်နေတယ်လို့လည်း ဦးနေမျိုးကျော် က ပြောပါတယ်။

ဘုရားပွဲတော်မှာ ဆိုင်ခန်းတွေ ဆောက်လုပ်ဖို့အတွက် တစ်နှစ်ကို ရွှေစက်တော်တောထဲက သစ်နဲ့ ဝါးတွေကို သိန်းနဲ့ချီခုတ်ယူကြတာကြောင့်လည်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ ရှိလာပါတယ်။

မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ် ဖေဖော်ဝါရီလကနေ ဧပြီလ နှစ်ဆန်းတစ်ရက်နေ့အထိ နှစ်လနီးပါးကြာ ကျင်းပတာဖြစ်ပါတယ်။

အဲ့ဒီကော်မတီဟာ အရင်လွှတ်တော်သက်တမ်းအတွင်းမရှိခဲ့ဘဲ အခုဖွဲ့စည်းလိုက်တဲ့ ကော်မတီရဲ့ သက်တမ်းဟာ တစ်လသာ ကြာမြင့်မှာဖြစ်ပါတယ်။