ဈေးကွက်အခြေခံ ထိန်းကျောင်းမှုရှိတဲ့ နှုန်းရှင် ငွေလဲနှုန်းစနစ် စတင်

နိုင်ငံခြားငွေ လဲလှယ်နှုန်းစနစ်ကို ဈေးကွက်အခြေခံတဲ့ ထိန်းကျောင်းမှုရှိတဲ့ နှုန်းရှင် ငွေလဲနှုန်းစနစ် Managed Floating Exchange Rate Regime ကို မြန်မာနိုင်ငံ ဗဟိုဘဏ်က ဒီနေ့ စတင်ကျင့်သုံးရာမှာ တစ်ဒေါ်လာကို ၈၁၈ ကျပ်နှုန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံခြားသုံးငွေနဲ့ တန်ဖိုးသတ်မှတ်ရာမှာ နိုင်ငံခြားဈေးကွက်မှာရှိတဲ့ ရောင်းလိုအားနဲ့ ဝယ်လိုအား အခြေအနေအရ သတ်မှတ်မယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြေညာထားပါတယ်။

ဒီအစီအစဉ်ဟာ ပြည်ပရင်းနှီးမြုပ်နှံမှု ပိုဝင်လာဖွယ်ရှိပြီး export ပို့ကုန်သမားတွေ နစ်နာနိုင်ပေမဲ့ import သွင်းကုန်သမားတွေ အခွင့်သာတယ်လို့ ရန်ကုန် စီးပွားရေးတက္ကသိုလ် ဆရာဟောင်း ဦးစမ်းမောင်မြင့်က ပြောပါတယ်။

ဒါဟာ အစိုးရက ဆောင်ရွက်နေတဲ့ စီးပွားရေးစနစ် ခေတ်မီစေမယ့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်း တစ်ခုဖြစ်ပြီး ငွေလဲလှယ်နှုန်း အမျိုးမျိုးကို ပေါင်းစည်းဖို့နဲ့ လက်ရှိ အပြည်ပြည်ဆိုင်ရာ ပေးချေမှုုတွေ၊ ပြည်ပငွေလွှဲပို့မှုတွေအပေါ် ကန့်သတ်ထားတာတွေကို တဖြည်းဖြည်းချင်း ဖယ်ရှားဖို့ စီစဉ်တာလို့ ဗဟိုဘဏ်က ပြောပါတယ်။

ဗဟိုဘဏ်က ဒီလိုစနစ်ချမှတ်လိုက်ပေမဲ့ ဘဏ်တချို့ကပဲ လက်ဝါးကြီးအုပ်ပြီး နိုင်ငံခြားငွေ လဲလှယ်နေရင် ပြင်ပဒေါ်လာ အရောင်းအဝယ် ဆက်လက်ထွန်းကား နေမယ်လို့ လုပ်ငန်းရှင်တွေက ယူဆပါတယ်။ ဒေါ်လာအရောင်းအဝယ် လုပ်နေသူတစ်ဦးကတော့ နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ခွင့် မရသေးသမျှ မှောင်ခိုဈေးကွက် ရှိနေမယ်လို့ ပြောပါတယ်။

ပြည်တွင်း ကုန်ဈေးနှုန်း ကျဆင်းဖို့အတွက် လမ်း တံတားဖြတ်သန်းခတွေ၊ တခြား အခွန်အကောက်တွေလည်း လျှော့ချဖို့လိုတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။