ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာအေးမောင်ဟာ လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည် နယ် မာန်အောင်မြို့နယ်ကနေ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ သူ့ရဲ့ပါတီ က ရွေးချယ်လိုက်တာကို မကျေနပ်ကြတဲ့ ANP ပါတီဝင်တွေနဲ့ မြို့ခံတွေက ဒီကနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
ဒေါက်တာအေးမောင်က မာန်အောင်မြို့ခံမဟုတ်တဲ့အတွက် ဒေသခံတွေကို ကိုယ်စားမပြုဘူးလို့ ဆန္ဒပြပွဲမှာပါဝင် တဲ့ မာန်အောင်မြို့နယ် ရခိုင်အမျိုးသားပါတီ ANP အတွင်းရေးမှူး ဦးတင်လတ်က ပြောပါတယ်။
"ကျနော်တို့ မာန်အောင်သားတွေဟာ နိုင်ငံရေးအရ မာန်အောင်သားတွေ လုပ်ခွင့်ရရှိရေး၊ မာန်အောင်မြို့ ရဲ့ကံကြမ္မာကို မာန်အောင်သားတွေ ဖန်တီးခွင့်ရရှိရေး၊ အခု ကျနော်တို့ဒေသခံမဟုတ်တဲ့ ဒေါက်တာအေးမောင် ကို လုံးဝအလိုမရှိတဲ့အကြောင်း မာန်အောင်သားတွေအနေနဲ့ ဆန္ဒပြခြင်းဖြစ်ပါတယ်"
ဆန္ဒပြပွဲမှာ မာန်အောင်မြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်မှာရှိတဲ့ ကျေးရွာအတော်များများက ANP ပါတီဝင်တွေနဲ့ ဒေသခံတွေ ပါဝင်ခဲ့ကြပြီး ဒေါက်တာအေးမောင်အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မာန်အောင်မြို့နယ် လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ဆန္ဒမဲပေးမှာမဟုတ်ဘူးလို့လည်း ဆန္ဒပြသူတွေက ပြောပါ တယ်။
မာန်အောင်မြို့နယ်မှာ ANP ပါတီတွင်းရွေးကောက်ပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့ပြီး အမှတ်(၂) မဲဆန္ဒနယ်မြေအတွက် ဒေါက်တာအေးမောင်နဲ့ မာန်အောင်မြို့ခံ ANP ဗဟိုကော်မတီဝင် ဦးတင်ရွှေတို့ ဝင်ရောက်ရွေးချယ်ခံရာမှာ ဒေါက်တာအေးမောင် က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒေါက်တာအေးမောင်ဟာ ရသေ့တောင်မြို့ ဇာတိဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက် ပွဲမှာ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံ ထားရသူဖြစ်ပါတယ်။
