မန္တလေးမြို့မှာ သံဃာတော်များ ဆက်လက်ဆန္ဒပြ

မန္တလေးမြို့မှာ ခွင့်ပြုချက် ရယူထားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူရဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေ ပိတ်ပင်လိုက်ပေမယ့် သံဃာတော်တွေဟာ တတိယမြောက်နေ့ ဆန္ဒပြပွဲကို ဒီကနေ့ ဆက်လက် ဆင်နွှဲခဲ့ပါတယ်။

2012.09.04
mdy-monk-protest-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က မန္တလေးမြို့တွင် သံဃာတော် အပါး ၃၀၀ တတိယမြောက်နေ့ ဆန္ဒပြပွဲပြုလုပ်နေစဉ်။
RFA

သံဃာတော် အပါး ၃၀၀ လောက်ဟာ မန္တလေးမြို့ မြတောင်ကျောင်းတိုက်ရှေ့မှာ ဒီကနေ့ မနက်ပိုင်းက စတင်စုဝေးပြီး နေ့လည် ၁၂ နာရီလောက်မှာ ၈၄ လမ်းအတိုင်း ဈေးချိုတော်ဘက်ကို စီတန်းလမ်းလျှောက် ဆန္ဒပြပြီး အခုလို ကြွေးကြော်ခဲ့ကြပါတယ်။

"အမိမြန်မာပြည်ကို-ကာကွယ်ပါ"။      "ရခိုင်ပြည်ကို-ကာကွယ်ပါ"။       "ဒါဘယ်သူ့မြေ-တို့မြေ"။       "ဒါဘယ်သူ့အရပ်-တို့အရပ်"။

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာရကျောင်း နာယကဆရာတော် နိုင်ငံရေး အကျဉ်သားဟောင်း ဦးဝီရသူ စီစဉ်ခဲ့တဲ့ ရခိုင်အရေး သမ္မတရဲ့ ရပ်တည်ချက်အပေါ် ထောက်ခံ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက ပိတ်ပင်လိုက်တာကို မသိရှိကြတဲ့ သံဃာတော်တွေဟာ မနေ့ကလည်း မန္တလေးမြို့မှာ မနေ့ကလည်း ဆန္ဒပြခဲ့ကြပါတယ်။

အခုလိုဆန္ဒပြပွဲတွေ ဆက်လက်ဆင်နွှွဲရတာနဲ့ ပတ်သက်ပြီး မန္တလေး မဟာမုနိ ဘုရားကြီးတိုက်က ဆရာတော် ဦးကောမလက RFA ကို ခုလို မိန့်ကြားပါတယ်။

"ဒီမြန်မာပြည်တွင်းမှာ ရှိနေတဲ့ ဦးပဉ္စင်းတို့ သံဃာထုဟာ မဲပေးပိုင်ခွင့်မရှိဘူး။ တစ်ခုခု လုပ်ပိုင်ခွင့်မရှိဘူးဆိုတဲ့ ဘေးဖယ်ခြင်း ခံရမှုက မဟုတ်ဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ NGO အဖွဲ့အစည်းတွေထဲမှာ ဗုဒ္ဓဘာသာထက်ကြီးတဲ့ အရပ်အဖွဲ့အစည်းဆိုတာ မရှိဘူး။ ဒါမျိုး ဖယ်ကြဉ်ခံရတာဟာ မလုပ်ကောင်းဘူး ဆိုတာကို သိဖို့အတွက် ဦးပဉ္စင်းတို့က ထိုက်သင့်တဲ့ စည်းရုံးမှုနဲ့ ထိုက်သင့်တဲ့ လုပ်အားကို ပြဖို့လာတာ"

ဆန္ဒပြသံဃာတော်တွေဟာ ဈေးချိုတော်ကနေ မြတောင် ကျောင်းတိုက်ကို ပြန်လည် ချီတက်ပြီး မြတောင် ကျောင်းတိုက်ကနေ မန္တလေး အာဇာနည်ဗိမ္မာန်နဲ့ မဟာမုနိဘုရားကြီး မြောက်ဘက်မုခ်အထိ ချီတက်ပြီးမှ လူစုခွဲခဲ့ပါတယ်။

ဒီကနေ့ မန္တလေးမြို့ ဆန္ဒပြပွဲကို ရဲသတင်း အထူးတပ်ဖွဲ့က ဓာတ်ပုံမှတ်တမ်းရယူတာ၊ ၃၅ လမ်းနဲ့ ၈၄ လမ်းထောင့်မှာ မြို့နယ်ရဲမှူး အပါအဝင် ရဲအင်အား၂၀ လောက်က စောင့်ကြည့်တာလောက်ပဲ ရှိပြီး ဆန္ဒပြပွဲ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။