မန္တလေး သံဃာအပါး ၃၀၀ ကျော်ကို အဓမ္မ ဖယ်ရှားခိုင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်မှာရှိတဲ့ ဝါခင်းကုန်း ဣစာသယ ပရိယတ္တိ စာသင်တိုက်က စာသင်သံဃာအပါး (၃၀၀) ကျော်ကို မြို့နယ်သံဃနာယက အဖွဲ့က ကျောင်းတိုက်ကနေ အဓမ္မ ဖယ်ရှားခိုင်းနေတဲ့အတွက် ကျောင်းနေသံဃာတော်တွေ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ တိုက်အုပ်ဆရာတော် ဦးကောသလ္လက RFA ကို မိန့်ကြားပါတယ်။

2012.08.14

"မြို့နယ် သံဃာ့နာယကနဲ့ ခရိုင်သာသနာရေးတို့ ပေါင်းပြီးတော့ ဦးပဉ္စင်းတို့ နာယကဆရာတော်နဲ့ ဒီသံဃာတော်များကို အဓမ္မနည်းအားဖြင့် သုံးကြိမ် သုံးခါ စာတွေ ထုတ်ပြီးတော့ နှင်ထုတ်နေတယ်။ အပြစ်မရှိတဲ့လူကို သုံးကြိမ်သုံးခါ ထုတ်ရတဲ့ အကြောင်းရင်းတွေကိုက သာသနာရဲ့ ဒါပျက်စီးရာ ပျက်စီးကြောင်းတွေ ဖြစ်နေပါတယ်။ ဒါကြောင့် ဦးပဉ္စင်းတို့က ရှေးဆရာတော်ကြီးတွေ တည်ထားခဲ့တဲ့ စသင်တိုက်ကြီးကိုလည်း လုံးဝ အပျက်မခံနိုင်ဘူး။ စာသင်သားတွေကိုလည်းပဲ ရုတ်ရုတ်သဲသဲ အဖြစ်မခံနိုင်အောင် ထိန်းသိမ်းပြီးတော့ စာပေ ပရိယတ္တိတွေကို အမြဲတမ်း ကြိုးစားပြီး အားထုတ်နေတာ ဖြစ်ပါတယ်"

သံဃာတော်တွေကို ဝါတွင်းကာလမှာ ကျောင်းတိုက်နေ ဖယ်ခိုင်းနေတဲ့အပြင် စာသင်သား သံဃာတော်တွေအတွက် စာဖြေဆိုခွင့် စာရင်းလည်း တင်ပေးမှာ မဟုတ်ဘူးလို့ အာဏာပိုင်တွေဘက် ပြောဆိုထားကြောင်း သိရပါတယ်။

လက်ရှိအခြေအနေကို ဗဟိုသံဃနာယကအဖွဲ့၊ သာသနာရေး ဝန်ကြီးဌာနနဲ့တကွ အာဏာပိုင် အဖွဲ့အစည်း အသီးသီးကို ဖြေရှင်းဆောင်ရွက်ပေးဖို့ တင်ပြထားပေမယ့် ခုချိန်ထိ ဆောင်ရွက်ပေးတာမျိုး မရှိသေးဘူးလို့ အဲဒီစာသင်တိုက် နာယက ဆရာတော်တွေက မိန့်ကြားပါတယ်။

ဣစာသယကျောင်းတိုက် ပဓာန နာယကဆရာတော်ရဲ့ သံဃာ့ကျင့်ဝတ်နဲ့ မလျော်ကန်တဲ့ လုပ်ဆောင်မှုတွေကို ကျောင်းနေတခြား သံဃာတော်တွေက အထက်အာဏာပိုင်တွေကို တင်ပြတိုင်ကြားရာမှာ တစုံတရာ အရေးယူ ဆောင်ရွက်မပေးဘဲ တိုင်ကြားသူ နာယကဆရာတော် ၇ ပါးနဲ့တကွ စာသင်သားသံဃာ ၃၀၀လုံးကို ကျောင်းကနေ ဖယ်ရှားခိုင်းနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။