မန္တလေးမြို့မှာ အဲန်အယ်လ်ဒီ မဲရုံကိုယ်စားလှယ် ၁၅၈ ဦး ကူညီ

ဒီကနေ့ ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲရုံအသီးသီးမှာ မဲပေးနိုင်ဖို့ မန္တလေး မဟာအောင်မြေ မဲဆန္ဒနယ်မြေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မဲရုံကိုယ်စားလှယ်တွေဟာ မနက် ၅ နာရီကတည်းက မဲရုံအသီးသီးကို ရောက်ရှိနေကြပြီလို့ စုံစမ်းသိရှိရပါတယ်။

မဲရုံ စုစုပေါင်း ၇၉ ရုံမှာ မဲရုံကိုယ်စားလှယ် ၁၅၈ ဦးက မဲဆန္ဒရှင်တွေကို ကူညီဖို့ အသင့်ဖြစ်နေကြတယ်လို့ မဟာအောင်မြေ မဲဆန္ဒနယ်မြေ ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်က ပြောပါတယ်။

မနေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူဝင်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ကို သွားရောက်ခဲ့ရာမှာ ပြည်သူအများက ကြိုဆိုခဲ့ကြပါတယ်။

ကော့မှူးမြို့နယ်မှာလည်း ဒီကနေ့ မနက် ၅ နာရီကတည်းက မဲရုံတွေမှာ မဲပေးဖို့ ပြည်သူတွေ လာရောက်စုဝေးနေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။