မန္တလေးမြို့၊ ၂၈လမ်းနဲ့ လမ်း ၃၀ ကြား ၈၄ လမ်းနဲ့ ၈၆ လမ်းကြားမှာရှိတဲ့ ကိုင်းတန်းညဈေးက ဈေးသည်တွေဟာ မနေ့ည ၉ နာရီခွဲမှာ မန္တလေး စည်ပင်ဝန်ထမ်းတွေ ပိတ်ဆို့ ကာရံထားတဲ့ သံဆူးကြိုးတွေကို တွန်းလှန်ဖယ်ရှားပြီး တစ်မိုင်လောက် အကွာအဝေးရှိတဲ့ မြို့တော်ခန်းမရှေ့အထိ အော်ဟစ် ချီတက် ဆန္ဒပြခဲ့ကြတာလို့ ဈေးသည်တစ်ဦးက RFA ကို ပြောပါတယ်။
"၉ နာရီခွဲလို့ ဈေးသည်တွေ အကုန်လုံးခင်းတော့ ၁၀ နာရီ ပတ်ချာလည်ကျတော့ သူတို့က ကားတွေနဲ့ သံဆူးကြိုးတွေ လာချပြီးတော့ မရောင်းရဘူးလို့ ပြောတဲ့ အချိန်မှာ ဈေးသူ ဈေးသားတွေက ဒီလမ်း ၃၀ ကို ပိတ်ရမလား ဆိုပြီးတော့ ဈေးသူ ဈေးသားတွေက လမ်း ၈၀ ပေါ်တက်ပြီး ဆူကြပါတယ်။ ဆန္ဒပြကြတာပေါ့နော်။ ဆန္ဒပြတဲ့ အချိန်မှာ ကိုအေးသိန်းကလည်း ဒီလိုတော့ မလုပ်သင့်ဘူး ပြောရင်းနဲ့ မြို့တော်ဝန်ရုံးရှေ့ကို စည်ပင်ရုံးရှေ့ကို ၈၄ လမ်းတန်းတန်း၊ ၂၆ ဘီလမ်းတန်းတန်းနဲ့ ည ၁၀ နာရီ ရှိသွားပါတယ်။ ည ၁၀ နာရီထိုးကနေပြီး စီတန်းလမ်းလျှောက် အော်ဟစ် သွားပါတယ်။ အော်ဟစ်တဲ့ နေရာမှာလည်း ကိုယ်ဈေးထွက်ဖို့ အရေးကိုပဲ အော်ဟစ်ပါတယ်"
အဲဒီ ဆန္ဒပြ ဈေးသူ ဈေးသား ကိုယ်စားလှယ် (၁၀) ဦးဟာ မြို့တော်ဝန်နဲ့ မြို့တော်ခန်းမအတွင်း ညှိနှိုင်းခဲ့ကြပေမယ့် ပြေလည်မှု မရခဲ့ဘူးလို့ သိရပါတယ်။ မနက် (၅) နာရီလောက်မှာတော့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ (၃) ဦးကို အာဏာပိုင်တွေက နေအိမ်တွေမှာ လာရောက် ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အာဏာပိုင်တွေက ကိုင်းတန်းဈေးကို ဖျက်သိမ်းပြီး ၄၁ လမ်းနဲ့ ကမ်းနားမြို့ပတ်လမ်း ဈေးသစ်နေရာကို ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက အဓမ္မ ပြောင်းရွှေ့ခိုင်းရာကနေ ဈေးသည်တွေ အခုလို ဆန့်ကျင် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
မနေ့ညက အဖမ်းခံရသူတွေထဲမှာ ပါဝင်တဲ့ ကိုအေးသိန်းဆိုသူဟာ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်နဲ့ ဆက်သွယ် ဆောင်ရွက်ပေးနေသူ ဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့ ညက ကိုင်းတန်းဈေး ဆန္ဒပြပွဲမှာ ခေတ္တ ထိန်းသိမ်းခံခဲ့ရပါတယ်။ ကိုအေးသိန်းကို ခွင့်ပြုချက်မယူဘဲ စုရုံးဆန္ဒပြမှုနဲ့ အရေးယူဖွယ် ရှိတယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မန္တလေး မြို့တော်ဝန်က ကိုင်းတန်းဈေးနေရာကို ဆက်လက် ဈေးရောင်းချခွင့် လုံး၀ မပြုတော့သလို ဈေးသူ ဈေးသားတွေကလည်း (၄၁) လမ်းဈေးသစ်ကို လုံး၀ မပြောင်းရွှေ့လိုကြတဲ့ အတွက် ဆက်လက် ဆန္ဒပြသွားမယ်လို့ ဈေးသူ ဈေးသားတွေက ပြောပါတယ်။
အာဏာပိုင်တွေ စီစဉ်ပေးတဲ့ ဈေးသစ်နေရာဟာ သွားလာရ ခက်ခဲပြီး လုံခြုံရေး မကောင်းဘူးလို့ ဆိုပါတယ်။ ကိုင်းတန်း ညဈေးမှာ ဈေးရောင်းချနေတဲ့ ဈေးသူ ဈေးသား (၃၀၀၀) လောက် ရှိတယ်လို့လည်း သိရပါတယ်။
