မန္တလေးဗကသကျောင်းသူကို လက်ပံတောင်းအမှုနဲ့ ဖမ်းဆီး


2014.09.13

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မန္တလေးခရိုင်အဖွဲ့ဝင် မဖြူနှင်းထွေး ကို လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဒေသမှာ မေလကဖြစ်ခဲ့တဲ့ ရွာသားတွေနဲ့တရုတ် ဝန်ထမ်း တွေရဲ့  ပဋိပက္ခနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က မနေ့ကနေ့လည်မှာ မန္တလေးမြို့နေအိမ်ကနေ ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က လက်ပံတောင်းတောင်ဒေသခံတွေ ဝမ်ဘောင်ကုမ္ပဏီက တရုတ်နိုင်ငံ သားနှစ်ဦးကို ခေတ္တထိမ်းသိမ်းခဲ့ပါတယ်။

အဲဒီကာလမှာ မဖြူနှင်းထွေးက ဒေသခံတွေနဲ့အတူရှိနေတဲ့အတွက် သူ့ကို ပြန်ပေးဆွဲမှုနဲ့တရားစွဲ ထားပြီး၊ မနေ့ကဖမ်းသွားတဲ့အကြောင်းနဲ့ ဒီကိစ္စကို အဖွဲ့ဝင်တွေရဲ့သဘောထားအတိုင်း ဆက်လက် ဆောင်ရွက် သွားမယ့်အကြောင်း ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက RFA ကိုပြောပါတယ်။

"နေ့လည် ၁၂ နာရီကျော် ၁ နာရီလောက်မှာ သူ့အိမ်ရှေ့က ရဲနှစ်ယောက်ကလာပြီးတော့ စောင့်နေ တယ်၊ အပြင်ထွက်လို့မရဘူးပေါ့၊ သူအပြင်ထွက်ဖို့တော့ သူငယ်ချင်းအိမ်ကို တယ်လီဖုန်းဆက်ပြီးတော့ ကြိုးစားသေးတယ်၊ ဒါပေမယ့် သူအပြင်ထွက်လို့မရဘူး၊ သူ့တို့မှာ ဝရမ်းပါတယ်ပြောပြီးတော့ဖမ်းတယ်၊ ဖမ်းပြီးချက်ချင်း ဆားလင်းကြီးမြို့နယ် တရားရုံးမှာတရားစွဲတင်ပြီးတော့ နောက်တောင်ကျနေပြီ ဆိုပြီးတော့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ကို ချက်ချင်းရွေ့လိုက်တယ်ခင်ဗျ၊ ကျနော်တို့ သိရတာကတော့ ၃၆၈ ပြန်ပေးမှှုလို့ပြောထားတယ်ခင်ဗျ၊ မဖြူနှင်းထွေး လွတ်မြောက်ရေးအတွက်ကို ကျနော်တို့ အတက်နိုင်ဆုံးတော့ ကြိုးစားကြည့်မယ်၊ ဥပဒေလမ်းကြောင်းအတိုင်းတော့ ကျနော်တို့ ကြိုးစားသွားဖို့ အစီအစဉ်ရှိတယ်၊ နောက်ပိုင်းဘာဆက်လုပ်မလဲဆိုတော့ ကျောင်းသားတွေဘက်က ဆန္ဒနဲ့ဆိုင်တယ်၊ ကျောင်းသားတွေဘက်က ဆုံးဖြတ်ချက်တွေနဲ့လည်းဆိုင်တယ်"

ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းနှစ်ဦးကိုရွာသားတွေဖမ်းလိုက်တဲ့ကိစ္စအတွက် ဒေသခံ ၆ ဦးနဲ့ မဖြူနှင်းထွေး ကို ပြန်ပေးဆွဲတဲ့အမှုနဲ့ တရားစွဲခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံချစ်ကြည်ရေးအရဆိုပြီး၊ တရားရုံးသွားခဲ့တဲ့ ရွာသား ၅ ယောက်ကို ဝမ်ပေါင်ကုမ္ပဏီက အမှုရုပ်သိမ်းပေးခဲ့ပါတယ်။ တရားရုံးမသွားခဲ့တဲ့ မဖြူနှင်းထွေးနဲ့နောက် တစ်ယောက်ကို တရားခံပြေးအဖြစ်အမှုဖွင့်ထားတာဖြစ်ပါတယ်။

မဖြူနှင်းထွေးဟာ ရတနာပုံအဝေးသင်တက္ကသိုလ်မှာ မြန်မာစာအဓိကဘာသာရပ်သင်ယူနေတဲ့ ကျောင်းသူဖြစ် ပြီး၊ ကျောင်းသားသမဂ္ဂမှာတက်တက်ကြွကြွပါဝင်နေသူဖြစ်သလို၊ လက်ပံတောင်း တောင်ကြေးနီစီမံကိန်းဒေသ က မြေယာသိမ်းခံရတဲ့တောင်သူတွေအတွက်လဲ ကူညီနေသူဖြစ်တယ် လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။