ကိုင်းတန်းဈေးအရေး ဆောင်ရွက်သူများ လွတ်မြောက်ရေး စုပေါင်း လက်မှတ်ရေးထိုး

မန္တလေးမြို့ ကိုင်းတန်းကုန်စိမ်းဈေး မပြောင်းရွှေ့ရေးအတွက် ကြိုးပမ်းရာမှာ ဦးဆောင်ပါဝင်ခဲ့သူတွေ လွတ်မြောက်ရေးအတွက် ဝတ်ပြုဆုတောင်းပွဲနဲ့ စုပေါင်း လက်မှတ်ရေးထိုးပွဲကို မဟာသကျသီဟဘုရားမှာ ဒီကနေ့ မနက် (၈) နာရီက ပြုလုပ်ရာမှာ ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဘုရားလေးဖက်လေးတန်မှာ လုံခြုံရေးယူထားပြီး တားဆီးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဆုတောင်းပွဲနဲ့ လက်မှတ်ရေးထိုးပွဲကို အထိန်းသိမ်းခံ ကိုင်းတန်းဈေးအရေး ဆောင်ရွက်သူ ကိုအေးသိန်း အပါအဝင် ၃ ဦးအပြင် တရားစွဲခံထားရသူ စုစုပေါင်း ၇ ဦးအတွက် ရည်ရွယ်ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ ဆုတောင်းပွဲကျင်းပခဲ့ပေမယ့် တားဆီးမှုတွေကြောင့် ထင်တိုင်းမပေါက်ဖြစ်ရပုံကို ဆုတောင်းပွဲ ဦးဆောင်သူ ကိုစောလှအောင်က RFA ကို အခုလိုပြောပါတယ်။

“ဈေးသည်တွေဟာ ကြောက်နေကြတယ်။ ဟိုမှာရဲတွေ လာနေပြီ၊ ရဲတွေဝိုင်းနေတယ်။ ရဲတွေရှိနေလို့ အဲဒါကိုကြောက်ပြီး ပြန်တဲ့ဈေးသည်တွေ ပြန်သွားကြပြီ။ ဒီဈေးသူ ဈေးသားတွေဟာ နဂိုက အေးအေးချမ်းချမ်း ဝတ်ပြု ဆုတောင်းပွဲလုပ်မယ်။ ပြီးရင်တရားမျှတမှုအတွက် သက်ဆိုင်ရာကို အသိပေး တင်ပြဖို့အတွက် လက်မှတ်ထိုးပွဲတွေ လုပ်ကြမယ်။ ဝတ်ပြုဆုတောင်းတယ်။ ပြီးတော့ ရှိတဲ့ ကျန်ခဲ့တဲ့ အနည်းအကျဉ်းသော ဈေးသူ ဈေးသားတွေကိုပဲ လက်မှတ်ထိုးယူလိုက်တယ်။ ရောက်တာတော့ ရောက်ကြပါတယ်။ ယူနီဖောင်းတွေ မြင်ပြီး ပြန်ပြေးကြတာ များတယ်”

မန္တလေး ကိုင်းတန်းကုန်စိမ်းညဈေး မပြောင်းရွှေ့ရေး ဦးဆောင်ခဲ့သူ ကိုအေးသိန်းအပါအဝင် (၇) ဦးကို ပြီးခဲ့တဲ့ သြဂုတ်လ (၆) ရက်နေ့ ညက ထိမ်းသိန်းခဲ့ပြီး အဲဒီအထဲက ၃ ဦးကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးထားဆဲလို့ သိရပါတယ်။