KNU ဗဟို အမြဲတမ်းကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို အစိုးရက ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်းဆက်သွယ်မှုတွေနဲ့ တစ်သက်တစ်ကျွန်းနဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပြီး၊ မတ်လ ၁၉ ရက်နေ့က သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသားခွင့် အမိန့်နဲ့ ပြန်လွတ်ပေးခဲ့ပါတယ်။
ဒါ့အပြင် ဖဒိုမန်းငြိမ်းမောင်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဦးခင်ရီတို့နှစ်ဦး ကိုယ်တိုင် KNU လက်ကို မတ်လ ၂၄ ရက်နေ့က ပြန်လည် လွဲပြောင်းပေးခဲ့ပါတယ်။ ဒီဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ကြိုဆိုကြောင်း၊ KNU က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံ ပြောင်းလဲမှုဖြစ်စဉ်မှာ နိုင်ငံရေး အကျဉ်းသားများ ပြန်လည် လွတ်မြောက်ရေးဟာ အရေးကြီးတာကြောင့် အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုလိုက်ပါတယ်။
KNU ဒုတိယဥက္ကဋ္ဌ စောဒေးဗစ်တာကပေါက အခုလိုပြောပါတယ်။
"သူတို့ပြောနေကြတာ တစ်ဘက်က ဝါဒဖြန့်တာလည်း ဖြစ်နိုင်တယ်လေ။ စံနစ်ကြီး ပြောင်းသွားပြီ။ အရင်ကနဲ့ မတူတော့ဘူး။ ဒီမိုကရေစီပြောင်းလဲမှုပေါ့လေ။ ကျွန်တော်တို့ကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ကောင်းတယ်။ ဒီမိုကရေစီဆိုရင် သတင်းလွတ်လပ်မှုရှိရမယ်။ ဒါက မရှိမဖြစ်တဲ့ အခြေခံတွေပေါ့"
ဒါ့အပြင် စစ်အစိုးရ လက်ထက်ကစပြီး မတရား စွပ်စွဲချက်တွေနဲ့ ပုဒ်မမျိုးစုံ တပ်ပြီး ဖမ်းဆီးထားတဲ့ တိုင်းရင်းသားတွေလည်း အများကြီးရှိတယ်လို့ ဆိုပါတယ်။ ကရင်တိုင်းရင်းသားတင် စုစုပေါင်း ၆၀ ကျော်တယ်လို့ ဆိုပါတယ်။ သူတို့အားလုံးကိုလည်း လွတ်ပေးရမှာ ဖြစ်တယ်လို့ စောဒေးဗစ်တာကပေါက ပြောပါတယ်။