မန်စီမြို့နယ် ဒေသခံ ၂၀၀၀ တိုက်ပွဲများကြောင့် ထွက်ပြေး
2013.11.18
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်းမှာ အစိုးရတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်တွေအကြား အခုရက်ပိုင်းတွေအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံနှစ်ထောင်နီးပါးလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအိုင်အေ တာဝန်ရှိသူတွေက ပြောပါတယ်။
နန့်လင်းပါကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို နိုဝင်ဘာလ ၁၆ ရက်နေ့က ဒုက္ခသည်ကူညီရေးအဖွဲ့တစ်ဖွဲ့ ရောက်ရှိနေစဉ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးလာနန် RFA ကိုပြောပါတယ်။
“ရွာသားတွေရော၊ ဒုက္ခသည်တွေရော ပိတ်မိတဲ့အချိန်မှာ ကရုဏာအဖွဲ့ကနေပြီးတော့ ရိက္ခာသွားပို့မယ့် အစီအစဉ်ရှိတယ်၊ ရွာသားတွေက ခြေဦးတည့်ရာ ပြေးသွားကြတယ်ခင်ဗျ၊ ဒုက္ခသည်စခန်းမှာ ဘယ်သူမှမနေတော့ဘူး၊ မွန်းလွဲ ၂ နာရီ ၃ နာရီအထိ အဲဒီမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားတယ်”
တိုက်ပွဲတွေဟာ ဒီကနေ့ မနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေတယ်လို့ ရန်ကုန်မြို့ကိုရောက်ရှိနေတဲ့ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း ပြောပါတယ်။
အခုထွက်ပြေးသွားတဲ့ ဒေသခံတွေဟာ နန့်လင်းပါကျေးရွာနဲ့ အဲဒီကျေးရွာမှာဖွင့်ထားတဲ့ စစ်ပြေးဒုက္ခသည်စခန်းကဖြစ်ပြီး အဲဒီဒုက္ခသည်တွေ ဘယ်မှာခိုလှုံနေတယ်ဆိုတာ အတိအကျမသိရသေးဘူးလို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဗန်းမော်မြို့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်က ဦးတူးဂျာက ပြောပါတယ်။
မန်စီမြို့နယ်ထဲမှာ အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်တွေအကြား ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားခဲ့တာကြောင့် ဗန်းမော်မြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ ဒေသခံတစ်ထောင်ဝန်းကျင် ခိုလှုံနေကြရပါတယ်။