မာရသာ မုန်တိုင်းအရှိန်ကြောင့် မွန်၊ တနင်္သာရီနဲ့ ကရင်ပြည်နယ်တွေမှာ မိုးများပြီး ရေကြီးတာ၊ မြေပြို တာတွေဖြစ်နိုင်တယ်ဆိုတဲ့ ဂျပန်အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီရဲ့ သတိပေးချက်ကြောင့် သက်ဆိုင်ရာ မြို့နယ်က ဌာနဆိုင်ရာတွေကို သတိပေး အကြောင်းကြားထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
မွန်၊ တနင်္သာရီနဲ့ ကရင်ပြည်နယ်တွေမှာ နောက် ၇၂ နာရီအတွင်း ရေကြီးတာ၊ မြေပြိုတာတွေရှိနုိင်ကြောင်း နဲ့ ကြိုတင်ကာကွယ်နိုင်ဖို့ အကြောင်းကြားထားတာဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
"ဂျပန်က လေ့လာဆန်းစစ်ရေးဆိုတဲ့ အေဂျင်စီက မိုးရွာသွန်းမှု စောင့်ကြည့်တဲ့ အေဂျင်စီကတွေ့ တာ။ တွေ့တော့ သူကနေပြီးတော့ ပြောတာက ၁ နာရီကို ၁၀ မီလီမီတာကနေ ၃၀ မီလီမီတာအတွင်း ရွာသွန်းနိုင်ခြေရှိပါတယ်တဲ့။ အဲလိုပြောတော့ အကယ်၍များ ရေကြီးတာတွေလည်း ဖြစ်လာနိုင်တယ်၊ အကယ်၍ ပျော့တဲ့အပိုင်းတွေမှာလည်း မြေပြိုတာတွေဖြစ်နိုင်တယ်၊ ပြည်သူတွေက ကြိုတင်ပြီးတော့ ဝိရိယစိုက်ထားတာ မမှားဘူးပေါ့နော်။ အဲဒါအတွက်ကို ကျနော်က ရေးလိုက်တာပါ။ သတိပေးပါတယ်။ ကျနော်တို့ ကယ်ဆယ်ရေးကနေပြီးတော့ စာပို့တယ်။ တယ်လီဖုန်းနဲ့လည်းပြောတယ်။ ကရင်ပြည်နယ် ဦးစီးမှူးရုံး၊ မွန်ပြည်နယ် ဦးစီးမှူးရုံး၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးရော ပို့ပါတယ်ခင်ဗျ"
ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း မာရသာဟာ ကုန်းတွင်းပိုင်းကိုဝင်ပြီး ပျက်ပြယ် သွားပေမယ့် မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့မြောက်ဖျားတွေမှာ ၃ ရက် အတွင်း မိုးကြီးနိုင်တယ်လို့ ဂျပန်အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီက ရေးသားထားတာဖြစ်ပါတယ်။
ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရေဘေးပညာပေးစာစောင်တွေ၊ မြေပြိုတာနဲ့ပတ်သက်တဲ့ အသိပညာပေး လက်ကမ်း စာဆောင်တွေကို ဖြန့်ဝေထားတယ်လို့လည်း သိရပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း မာရသာတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၊ တောင်ကုတ်၊ ကျောက်ဖြူနဲ့ သံတွဲမြို့နယ်တွေ၊ ဧရာဝတီတိုင်းဒေသကြီးမှာဆိုရင် မော်လမြိုင်ကျွန်း၊ ဟင်္သာတ၊ ဝါးခယ်မနဲ့ လပွတ္တာ၊ မကွေး တိုင်းဒေသကြီးမှာဆိုရင် မင်းဘူးနဲ့မြို့သစ်မြို့နယ်တွေမှာ အိမ်အမိုးလန်တာ၊ အိမ်ပျက်စီးတာ၊ နံရံပြိုကျတာတွေ ဖြစ် ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
