အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိန့်ခွန်းကို နိုင်ငံပိုင်မီဒီယာကနေ ထုတ်လွှင့်ပေးဖို့ တောင်းဆို

0:00 / 0:00

ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၆ နှစ်မြောက် အာဇာနည်နေ့မှာ ဥသြဆွဲအလေးပြုတဲ့ အစီအစဉ်တွေအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိန့်ခွန်းတွေ ကို နိုင်ငံပိုင်မီဒီယာတွေကတဆင့် ထုတ်လွှင့်ပေးသွားဖို့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ဒီကနေ့ တောင်းဆို လိုက်ကြပါတယ်။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ယုဒသန်ခန်းမမှာ ကျင်းပတဲ့ အာဇာနည်နေ့အတွက် ကြိုတင်ပြင်ဆင်ရေး သတင်းစာရှင်းလင်းပွဲမှာ လူမှုအဖွဲ့အစည်းတွေ က တောင်းဆိုခဲ့ကြတာပါ။

အာဇာနည်နေ့မှာ ဥသြဆွဲ အလေးပြုတဲ့အစီအစဉ် ကို ပြန်လည်ခွင့်ပြုခြင်းအားဖြင့် နောင်မျိုးဆက်တွေဟာ သမိုင်းကို အမြဲသတိရနေမှာဖြစ်တယ်လို့ အဲဒီဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ ရန်ကုန်- လိုင်ဇာလမ်းလျှောက်အဖွဲ့ မှာပါဝင်ခဲ့တဲ့ ကိုဇင်ကိုကိုက RFAကို ပြောပါတယ်။

"အာဇာနည်နေ့ အခမ်းအနားကို အာဇာနည်ဗိမာန်မှာဆို နိုင်ငံတော်ကပဲ ဦးဆောင်ပြီးတော့ ဂါရဝပြုတဲ့ အခမ်းအနားတွေ ပြုလုပ်ခဲ့တယ်ခင်ဗျ၊ ၈၈ နောက်ပိုင်းမှာ မရှိခဲ့တဲ့အစဉ်အလာပေါ့၊ ဥသြဆွဲတာတွေဘာတွေကို ကျွန်တော်တို့က ပြန်ပြီးတော့ ဖော်ဆောင်စေချင်တယ်ခင်ဗျ၊ နိုင်ငံတော် မီဒီယာတွေကနေတစ်ဆင့် ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်းကြီးတွေရဲ့ မိန့်ခွန်းတွေကို ပြန်လည်ထုတ်လွှင့်ပေးတာတို့ နိုင်ငံတော်အနေနဲ့ ဒါကိုလည်း လုပ်ဆောင်ပေးဖို့ ကျွန်တော်တို့က အထူးမေတ္တာရပ်ခံ ပန်ကြားလိုပါတယ်ခင်ဗျ၊ အဓိကကတော့ ကျဆုံးသွားတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံခေါင်းဆောင်ကြီးတွေ ကျဆုံးသွားတာတွေကို ကျနော်တို့အနေနဲ့ မမိနိုင်ဘူးဗျ၊ ဒီဟာတွေကိုလည်း နောက်မျိုးဆက်တွေကို အာဇာနည်တွေရဲ့ စိတ်ဓာတ်တွေ အာဇာနည်တွေရဲ့ ဝိညာဉ်တွေကို နောက်မျိုးဆက်တွေကို ဆက်လက်ပြီးတော့ သယ်သွားစေချင်တယ်ခင်ဗျ"

လူမှုအဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေထဲမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် ၁ဝ နာရီ ၃၇ မိနစ်အချိန်မှာ နိုင်ငံပိုင်အသံလွှင့်မီဒီယာတွေအပြင် ပုဂ္ဂလိကပိုင် မီဒီယာတွေက ဥသြသံ ၁ မိနစ် ထုတ်လွှင့်ပေးဖို့၊ အာဇာနည်ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေကို ထုတ်လွှင့်ပေးဖို့အပြင် အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဌနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ တက်ရောက်ဂါရဝပြုစေလိုတဲ့အချက်တွေ ပါဝင်ပါတယ်။

ဇူလိူင်လ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၆ နှစ်မြောက် အာဇာနည်နေ့မှာ ၁၉၈၈ ခုနှစ်မတိုင်ခင်ကလို ဥသြဆွဲဖို့နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုကြဖို့ အစီအစဉ်တွေကို အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက အစိုးရထံတင်ပြကြပါတယ်။ ဒီအကြောင်း RFA သတင်းထောက် မရတနာဦး ပေးပို့ထားပါတယ်။