အာဇာနည်နေ့ အခမ်းအနားကို အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေ တက်ရောက်ခြင်း မပြုတာ ကြာပြီဖြစ်ပြီး အခုနှစ်မှာ ဒုတိယ သမ္မတ တစ်ဦး တက်ရောက်တဲ့အပြင် အစိုးရပိုင် ရုပ်မြင်သံကြားကလည်း တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့တဲ့အတွက် မြန်မာ့နိုင်ငံရေး ထူးခြား တိုးတက်မှု တစ်ခုအဖြစ် ရှုမြင်ကြပါတယ်။
မနှစ်က ကျင်းပတဲ့ အခမ်းအနားကို ရန်ကုန် မြို့တော်ဝန်ပဲ တက်ရောက်ခဲ့ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားကို တခြားနိုင်ငံရေးပါတီ အသီးသီးက ကိုယ်စားလှယ်တွေ၊ သံတမန်တွေလည်း တက်ရောက် ဂါရဝပြု ခဲ့ကြပါတယ်။
အဲဒီနောက်ပိုင်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားမှာတော့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ အာဇာနည် စိတ်ဓာတ်တွေ ပြန့်ပွားစေဖို့အတွက် လူတိုင်းရင်ထဲမှာ အာဇာနည်တွေကို လေးစားတဲ့ စိတ်ဓာတ်တွေ ရှိဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
NLD ရုံးချုပ်မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို ပါတီခေါင်းဆောင်တွေ၊ အမေရိကန် သံအမတ်ကြီး Derek Mitchell အပါအဝင် နိုင်ငံတကာ သံတမန်တွေ၊ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တချို့ အပါအဝင် စုစုပေါင်း အင်အား (၃၀၀၀) လောက် တက်ရောက်ခဲ့ပါတယ်။
အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတဲ့ နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်မှာ အားလုံးက အာဇာနည်ကုန်းဘက်ကို မျက်နှာမူပြီး တစ်မိနစ်ခန့် ငြိမ်သက်စွာ အလေးပြုခဲ့ကြပါတယ်။
အလားတူ အာဇာနည်နေ့ အခမ်းအနား တစ်ခုကို ရန်ကုန်မြို့ ဒီမိုကရက်တစ်ပါတီ ( မြန်မာ) ရုံးချုပ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ရာမှာ စာရေးဆရာ မောင်ဝံသ၊ ဆရာကျော်ဝင်းနဲ့ ဆရာဟိန်းလတ်တို့က အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဟောပြောခဲ့ကြပါတယ်။