အာဇာနည်ဗိမာန် လွတ်လပ်စွာ ဂါရဝပြုခွင့်ရ

အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနားကို ဒီနှစ်မှာ စတင်ပြီး ခမ်းနားစွာ ပြန်လည်ကျင်းပခဲ့သလို ပြည်သူအများကိုလည်း အရင်လိုမဟုတ်ဘဲ အာဇာနည် ဗိမာန်မှာ လွတ်လွတ်လပ်လပ် လာရောက် ဂါရဝ ပြုခွင့် ပေးခဲ့ပါတယ်။

ဒီကနေ့ နေ့လည် (၃) နာရီလောက်မှာ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နဲ့အတူ နာမည်ကျော် အနုပညာရှင် ၂၀ လောက် စုပေါင်းပြီး ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်တွေကို လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြပါတယ်။

ဒီနှစ် အာဇာနည်နေ့ အခမ်းအနားမှာ အာဏာပိုင်တွေဘက်က ပြည်သူတွေ ပါဝင်ခွင့် ပေးခဲ့တဲ့အတွက် ပြုပြင် ပြောင်းလဲရေးအတွက် တိုးတက်လာတဲ့ အခြေအနေတစ်ခု ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မမီးမီးက RFA ကို ပြောပါတယ်။

"ဒီနေ့ အာဇာနည်နေ့မှာ အခုလိုမျိုးပေါ့နော်၊ အားလုံးပါဝင် အလေးပြုလို့ ရအောင်ပေါ့နော်၊ ဘာမှ စည်းကမ်းတင်းကျပ်ခြင်း၊ ကန့်သတ်ခြင်း မရှိပဲနဲ့ ပြည်သူလူထုအားလုံးကို လွတ်လပ်စွာ အလေးပြုခွင့်ပေးတဲ့ အတွက် ဒီဟာ ကျွန်မတို့ နိုင်ငံရဲ့ ပြန်လည် တည်ဆောက်ရေးကာလမှာ ဒီလိုမျိုးလုပ်တဲ့ ဖြစ်ရပ်ကို ကျွန်မတို့ ဂုဏ်ယူပါတယ်။ နောက်ပိုင်းလည်း ကျွန်မတို့ ပြည်သူနဲ့ အတူ ပူးပေါင်းဆောင်ရွက် သွားမှာပါ။ ပြည်သူကို မကြောက်ပါနဲ့။ ပြည်သူနဲ့အတူ လက်တွဲဆောင်ရွက်ပါ။ ဒါမှသာလျင် စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးကို အမြန်ဆုံး ဖော်ဆောင်နိုင်ပြီးတော့ ကျွန်မတို့ တိုင်းပြည်ဟာ အေးချမ်းသာယာပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ တကယ့် ဒီမိုကရေစီ နိုင်ငံသစ် ဖြစ်ပါလိမ့်မယ်လို့ ကျွန်မပြောချင်ပါတယ်"

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ကလည်း ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ရည်စူး အောက်မေ့တဲ့အနေနဲ့ သင်္ကန်းကျွန်း မဂ္ဂင်ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်လှူဒါန်း ခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက RFA ကို ပြောပါတယ်။

ဒါ့အပြင် ကိုကျော်ကိုကိုနဲ့ အဖွဲ့က ရွှေပြည်သာ မြို့နယ်မှာရှိတဲ့ ပညာ့ပျိုးခင်း ပညာဒါနကျောင်းမှာ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားတွေကို အာဇာနည်နေ့အကြောင်း ဟောပြောခဲ့ပြီး ဗကသများ အဖွဲ့ချုပ် အမှုဆောင်တချို့က သံလျင်မြို့နယ်က ကျောင်းသားတွေရဲ့အာဇာနည်နေ့အခမ်းအနား၊ ဟင်္သာတမြို့နယ်က ကျောင်းသားတွေရဲ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

မန္တလေးမြို့မှာတော့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးတွေ ချထားပေမယ့် ရတနာပုံတက္ကသိုလ် ကျောင်းသားတွေ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို အထက်ဗမာပြည် ဗကသများ အဖွဲ့ချုပ်ဝင်တွေ တက်ရောက်ကြတယ်လို့ ဗကသများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီဝင် ကိုမိုးထက်နေက ပြောပါတယ်။

"ရတနာပုံတက္ကသိုလ် ကျောင်းသားတွေက ဦးဆောင်ပြီးလုပ်တယ်။ ကျွန်တော်တို့ အဲဒီပွဲတက်တယ်။ ကျောင်းထဲကိုတော့ ဝင်လို့မရဘူး။ ကျောင်းဝင်းတံခါး ပိတ်ထားတယ်။ ကျောင်းမှာ ဆရာတွေ အဲဒီအပေါက်ဝမှာ ထိုင်စောင့်နေတယ်။ နောက် CCTV ကင်မရာတို့ တပ်ထားတယ်။ နောက် ကံတက်ကုန်း ဆရာတော် လုပ်တဲ့ပွဲ တက်တယ်။ လုံခြုံရေး ချထားတာတော့ အနည်းအကျဉ်း ရှိပါတယ်။ နောက်ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေလည်း ချထားတာ ရှိတယ်။ ဒါပေမဲ့ ဝင်ပြီး အနှောင့်အယှက် ပေးတာတော့ မရှိဘူး"

ဧရာဝတီတိုင်း ဒေးဒရဲမြို့မှာတော့ ရန်ကုန်မြို့ အာဇာနည်ကုန်း ပုံစံငယ်အတိုင်း ဒေးဒရဲ NLD ရုံးရှေ့မှာ တည်ဆောက်လိုက်ပြီး ဒေသခံပြည်သူနဲ့ အဖွဲ့အစည်းတွေ၊ ဌါနဆိုင်ရာ တချို့က ဝန်ထမ်းတွေ စုစုပေါင်း လူ သုံးထောင်လောက် အာဇာနည်နေ့ကို ကျင်းပခဲ့တယ်လို့ NLD လူငယ် ကိုရင်ထွေးက ပြောပါတယ်။

"ရွှေတိဂုံ အနောက်မုခ်မှာရှိတဲ့ အာဇာနည်ကုန်း ပုံစံမျိုး သစ်သားတွေနဲ့ ဆောက်ပြီးတော့ အပေါ်ကနေ ပိတ်စတွေနဲ့ အုပ်ပြီးတော့ ဗြက် ၁၅ ပေ၊ အရှည် ၁၈ ပေရှိတဲ့ အာဇာနည်ကုန်းဗိမာန် ပုံစံတူ ဆောက်ပြီးတော့ အာဇာနည် ခေါင်းဆောင်တွေ ဓာတ်ပုံ ထည့်ပြီးတော့ ၂၅ နှစ်လုံးလုံး ကွယ်ပျောက်နေတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို သတိရတဲ့လူတိုင်းက အလေးလာပြုဖို့ အတွက် ကျွန်တော်တို့ ဖိတ်မန္ကကပြုပြီးတော့ ကျွန်တော်တို့ ဆောက်ပါတယ်ခင်ဗျ။ လူတွေ အားလုံးပေါင်း ခန့်မှန်းခြေက သုံးထောင်ကျော်လောက် ရှိမယ် ခင်ဗျ။ မြို့မှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေရော လာပြီးတော့ ပန်းခွေချ အလေးပြုပါတယ်ခင်ဗျ။ ဌာနဆိုင်ရာ တချို့ကရော လာပါတယ်ခင်ဗျ"

တောင်ကြီးနဲ့ အောင်ပန်းမြို့တွေမှာလည်း အာဇာနည်နေ့ ပန်းခွေချ အလေးပြုမယ့် အစီအစဉ်ကို မနေ့ကအထိ ပြည်နယ်အစိုးရက ခွင့်မပြုတဲ့အကြောင်း စာပို့ထားပေမယ့် ဒီနေ့မှာတော့ NLD အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေက ပန်းစည်းချ အလေးပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူပဲ ပျဉ်းမနား နေပြည်တော်မှာလည်း နေပြည်တော်ကောင်စီက ကြီးမှူးပြီး ပထမဆုံးအကြိမ် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကျွေး တရားနာပွဲကို ကျင်းပခဲ့ပါတယ်။ ဒါအပြင် နေပြည်တော် မဲဆန္ဒနယ်မြေ (၄) ခုမှာ အနိုင်ရသွားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေလည်း ပထမဆုံးအကြိမ် အာဏာပိုင်တွေဘက်က ဖိတ်ကြားခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒက္ခိဏသီရိမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။

ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းက ဗိုလ်ချုပ်ကြေးရုပ်မှာ အများပြည်သူတွေက ပန်းစည်းတွေနဲ့တကွ ဂါရဝ ပြုခဲ့ကြသလို နှစ်ပေါင်းများစွာ ပိတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကိုလည်း ဒီနေ့ ဖွင့်ပေးတဲ့အတွက် ကျောင်းသား၊ ပြည်သူတွေနဲ့ စည်ကား ပြည့်ကျပ်နေပါတယ်။