မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ NLD ပါတီဝင်တွေနဲ့ အနုပညာရှင်တွေ စုပေါင်းပြီး ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရွှေလှံတောင် ဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့ပြီး၊ အာဇာနည်ကြီးတွေ ကျဆုံးတဲ့အချိန်မှာ မြို့နယ် အာဏာပိုင်တွေ ဥသြ ဆွဲတာမျိုး မရှိကြောင်း ကျောက်ဆည်မြို့က ကဗျာဆရာ (လင်းခါး) က ပြောပါတယ်။
အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ကျင်းပခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားနဲ့ ပတ်သက်ပြီး NLD ပါတီဝင်ဖြစ်သူ ဒေါ်အမာကြည်က အခုလိုပြောပါတယ်။
"အစီအစဉ် ၁၃ ခုနဲ့ ကျင်းပတယ်ပေါ့နော်။ အလံတဝက် စိုက်ထူတယ်ပေါ့နော်။ နိုင်ငံတော်အလံကို အလေးပြုတယ်။ နိုင်ငံတော် သီချင်းဆိုတယ်။ NLD အပိုင်း အသီးသီးကနေပြီးတော့ မိန့်ခွန်းပြောကြတယ်။ လူငယ်တွေကလည်း ကဗျာရွတ်ကြတယ်။ နောက်ရုံးကနေပြီးတော့ ဆမူစာနဲ့ လက်ဖက်ရည်နဲ့ ဧည့်ခံပါတယ်။ အမေ့ဥယျာဉ် အခမဲ့ ကျူရှင်မှာ ကလေးတွေကို ကဗျာရွတ်၊ စာစီစာကုံးတို့ပေါ့နော်။ ဆုပေးပွဲ အခမ်းအနား ကျင်းပနေတယ်ရှင့်။ ကျွန်မကြားတာကတော့ သွေးကူညီရေး အဖွဲ့က ကြေးရုပ်မှာ ဆိုင်ကယ်တွေနဲ့ ဝတ်စုံအနက်တွေနဲ့ ပတ်တယ်လို့တော့ ကြားတယ်"
မုံရွာမြို့မှာ ဒေသခံလူငယ် တချို့က မြို့လယ် ဗိုလ်ချုပ်ကြေးရုပ်ရှေ့ လွမ်းသူ့ပန်းခွေချဖို့ သွားတာကို လုံခြုံရေးရဲတွေက တားမြစ်ခဲ့ကြောင်း သိရပါတယ်။