မန္တလေးမြို့နဲ့ မြို့နယ်တွေမှာ အခမ်းအနား ကျင်းပခဲ့တဲ့ အခြေအနေတွေနဲ့ အာဏာပိုင်တွေရဲ့ အခြေအနေတွေကို NLD မန္တလေးတိုင်း ညီလာခံ ကျင်းပရေး ကော်မရှင် အတွင်းရေးမှူး ဦးမျိုးနိုင်က အခုလို ပြောပါတယ်။
"ဒီနေ့ မနက်ကတော့ ဦးရာဇဓမ္မ အမှူးပြုတဲ့ သံဃာတော် ၁၀ ပါးပေါ့၊ မစိုးရိမ်တိုက်သစ်က ဆရာတော်ကြီးပေါ့နော်။ ကျွန်တော်တို့ အရုဏ်ဆွမ်းကပ်တယ်။ ပြီးတော့ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို အမျှအတန်း ပေးဝေ ရေစက်ချပွဲ လုပ်ပါတယ်။ အဲဒါပြီးတော့ မနက် ၉ နာရီ ၁၅ မိနစ်မှာ အာဇာနည်နေ့ အောက်မေ့ဘွယ် အထိမ်းအမှတ် အခမ်းအနားလေး လုပ်ပါတယ်။ အဲဒီလို ဆွမ်းလောင်းမဲ့ကိစ္စ ချမ်းမြသာစည် မြို့နယ်ထဲမှာ ဆွမ်းလောင်းမယ် ဆိုတဲ့ဟာကို အာဏာပိုင်ဘက်က အဲဒီလို နှုတ်အားဖြင့်တော့ လာပြီးတော့ ခွင့်ပြုမိန့် လာတောင်းပါဦး ဆိုတာမျိုးလေးတွေတော့ သူတို့ တနည်းအားဖြင့် အနှောင့်အယှက် ပေးတာမျိုးတော့ ကြုံခဲ့ပါတယ်။ ဒါပေမဲ့ မနက်မှာတော့ အရုဏ်ဆွမ်း လောင်းတာတော့ တောက်လျှောက် ဆက်လုပ်တယ်လို့ ကြားပါတယ်"
ပဲခူးမြို့နယ် NLD က ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကိုတော့ NLD ပဲခူးတိုင်း ညီလာခံ ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဦးမြတ်လှက အခုလို ပြောသွားပါတယ်။
"မနက်က ပဲခူးမြို့ သနပ်ပင်လမ်းက ကျောင်းမှာရှိတဲ့ မြို့နယ်နဲ့ တိုင်း အဖွဲ့ချုပ်ရုံးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီးတွေကို ရည်မှန်းပြီးတော့ ဘုန်းကြီး ၅ ပါးကို ဆွမ်းကပ်တယ်။ ဘုန်းကြီးတွေက ရေစက်ချ အမျှပေးဝေ အဲဒီ အခမ်းအနား ပြုလုပ်တယ်"
အာဏာပိုင်တွေက ဟန့်တား နှောင့်ယှက်ခြင်းမရှိပဲ သူတို့ ကျင်းပပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားကိုလည်း ပါတီဝင်တွေကိုပါ ဖိတ်ကြားခဲ့တယ်လို့ ဦးမြတ်လှက ပြောပါတယ်။
မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံရေး အကျဉ်းသားဟောင်း NLD အဖွဲ့ဝင် ကိုမျိုးဟန်က အခုလိုပြောပါတယ်။
"ကျွန်တော်တို့ မြင်းခြံမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ပေါ့နော်၊ ဒေါက်တာ ဝင်းသူ ဦးဆောင်ပြီးတော့ ကျွန်တော်တို့ ဆေးရုံမှာလည်း ဆန်ပြုတ်တွေ တိုက်တယ်။ ပစ္စည်းပစ္စယတွေ ဝေတယ်။ ဧရာဝတီ သွေးလှူရှင် အသင်းနဲ့ပေါင်းပြီးတော့ ကျွန်တော်တို့ လုပ်ပါတယ်။ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပတယ်။ လူပေါင်း ၁၅၀ လောက် တက်ရောက်ပါတယ် ခင်ဗျ။ ကျောင်းသားသမဂ္ဂ ကနေပြီးတော့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ လွမ်းသူ့ပန်းခွေ ချပါတယ်။ လွမ်းသူ့ပန်းခွေ ချတဲ့အချိန်မှာ မြို့နယ် အာဏာပိုင်တွေကနေပြီးတော့ စတင် ကန့်ကွက်ပါတယ်။ အဆင်မပြေ ဖြစ်တယ်။ နောက်တော့ ကျွန်တော်တို့ ညှိနှိုင်းတဲ့အခါ၊ အဆင်ပြေတဲ့ အခါမှာ ခရိုင် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ခွင့်ပြုလိုက်တဲ့အတွက် ကျွန်တော်တို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ လွမ်းသူ့ပန်းခွေ ချတယ်။ ကျောင်းသားတွေ အလေးပြုတယ်"
အလားတူ တောင်ငူမြို့က အာဇာနည်နေ့ အခမ်းအနားနဲ့ ပတ်သက်လို့ တောင်ငူမြို့နယ် NLD လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမြင့်က အခုလို ပြောပါတယ်။
"မနက်ပေါ့လေ၊ ၄ နာရီက စပြီးတော့ ကျွန်တော်တို့ သံဃာ ၈၀၀ လောက်ကို အာဇာနည် ခေါင်းဆောင်ကြီးတွေအတွက် ရည်မှန်းပြီးတော့ ဆွမ်းလောင်းပါတယ်။ မနက် ၄ နာရီ စလောင်းပါတယ်။ ၆ နာရီအထိပေါ့။ အဲတာပြီးတော့ ကျွန်တော်တို့ ရုံးကနေ အဖွဲ့ပေါ့ဗျာ၊ တချို့ ရပ်ကွက်ကျေးရွာက အဖွဲ့တွေ ဖွဲ့ပြီးတော့ အာဇာနည် ကျောက်တိုင်ရှေ့မှာ စုရုံးပါတယ်။ စုရုံးပြီးတော့ ပန်းခွေချတယ်ပေါ့ဗျာ။ နောက်တခါ အလေးပြုခြင်း အခမ်းအနားလုပ်ပါတယ်။ အာဏာပိုင် အနှောင့်အယှက် ပေးတာမျိုး မရှိပါဘူး။ ကျွန်တော်တို့ အဲဒီမှာ လူ ၁၀၀၀ ကျော်လောက် တက်ရောက်ပြီး အခမ်းအနား ကျင်းပပါတယ်"
ပဲခူးတိုင်း အရှေ့ဘက်ခြမ်း ပဲနွယ်ကုန်းက အာဇာနည်နေ့ အခမ်းအနားမှာ အာဏာပိုင်တွေ အနှောင့်အယှက် ပေးခဲ့ပုံကို ထန်းတပင် NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက အခုလို ပြောပါတယ်။
"ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးပြီး သာသနာ့ဗိမာန်မှာ ကျွန်တော်တို့ လွမ်းသူ့ပန်းခွေချ အလေးပြုပွဲ လုပ်တာပါ။ တားဆီးတာတော့ မရှိဘူး။ ဟိုဟာလေး မလုပ်ပါနဲ့၊ ဒီဟာလေး မလုပ်ပါနဲ့လို့ တွေတော့ ရှိတာပေါ့ဗျာ။ ရန်ကုန် အာဇာနည် ဗိမာန်နဲ့တူအောင် အောက်မှာ အနီရောင်အပြည့် ဘက်ဂရောင်းနဲ့ ကြယ်ဖြူတစ်ပွင့် အခမ်းအနား ပြင်ဆင်ထားတယ်ပေါ့ဗျာ။ အဲတာကို ဖြုတ်ပေးပါလို့ သူတို့က တောင်းဆိုတယ်ဗျ။ အဲဒီ အနီရောင်ပိတ်ကားနဲ့ အဖြူရောင် ကြယ်ပွင့်ကို ကျွန်တော်တို့ ဖြုတ်ပေးလိုက်တယ်ခင်ဗျ"
