မအူပင်မှာ သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်ပေးမည်


2013.05.17
malatto_farmer_305.jpg ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာက တောင်သူလယ်သမား များကို တွေ့မြင်ရစဉ်
photo: Kyaw Zawe Win

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မလက်တိုကျေးရွာအုပ်စုမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၄၅၀ ကို လယ်သမားတွေထံ ပြန်ပေးမယ်လို့ မလက်တိုကျေးရွာ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မလက်တိုကျေးရွာအုပ်စုမှာ လယ်ယာမြေ အစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေနဲ့ ပတ်သက်ပြီး မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက မလက်တိုကျေးရွာအုပ်စုမှာ အသိမ်းခံထားရတဲ့ လယ်ဧက တစ်ထောင်ထဲက ဧက ၄၅၀ ကို လယ်သမားတွေလက်ထဲ အပြီးအပိုင် ပြန်လည်ပေးဖို့ စီစဉ်ထားပြီး ကျန်ရှိတဲ့လယ်ဧက ၅၅၀ ထဲက ၁၂၈ ဧကကိုလည်း လယ်သမားတွေဘက်က အထောက်အထားပြနိုင်ရင် ပြန်ပေးဖို့ကိုပါ ကော်မရှင်က စီစဉ်ထားတယ်လို့  ပြောပါတယ်။

အဲဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဖေဖေါ်ဝါရီလကုန်ပိုင်းက တောင်သူလယ်သမားတွေနဲ့ ရဲဝန်ထမ်းတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဖို့ မတ်လ ၄ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

လာမယ့်မေလ ၂၇ ရက် နေ့မှာ အသိမ်းခံထားရတဲ့ လယ်မြေတွေရဲ့ လျော်ကြေးကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးမယ့်အကြောင်း အာဏာပိုင်တွေက ဒေသခံတွေကို မနေ့ကခေါ်ယူတွေ့ဆုံ ပြောကြားခဲ့တယ်လို့ မလက်တိုကျေးရွာအုပ်စုက လယ်သမား ဦးသန်းလှိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီကုန်ပိုင်းအတွင်း လယ်သမား ၃၀၀ လောက်ဟာ အသိမ်းခံထားရတဲ့ လယ်ယာမြေကိစ္စနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့နဲ့ တင်းမာမှု ဖြစ်ပွားခဲ့ရာမှာ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲတဲ့အတွက် လယ်သမား ၉ ဦး ဒဏ်ရာရခဲ့သလို ဒေသခံရွာသားတွေရဲ့ ရိုက်နှက်မှုကြောင့်လည်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် ၂၆ ဦးဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာနဲ့ ပတ်သက်လို့ မရတနာဦးရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။