မအူပင်မြို့မှာ အင်းလုပ်သားများ ဆန္ဒပြ

0:00 / 0:00

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်အတွင်းက အင်းလုပ်ငန်းတွေကို အစိုးရက လေလံစနစ်နဲ့ လုပ်ပိုင်ခွင့်ပေးနေရာမှာ ဒေသခံ တပိုင်တနိုင် အင်းလုပ်သားတွေ လုပ်ပိုင်ခွင့် မရရှိတာကြောင့် လုပ်ပိုင်ခွင့်ရရှိရေးအတွက် အင်းလုပ်သား ၂၀၀ လောက်ဟာ တရားဝင်ခွင့်ပြုချက်ရယူပြီး မအူပင်မြို့လည်မှာ ဒီနေ့စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

အစိုးရက အင်းလုပ်ငန်းလေလံချပေးရာမှာ ငွေရှိသူတွေ သာ လေလံအောင်ပြီး အဲဒီလေလံအောင်သူတွေက အင်းလုပ်ငန်းတွေကို အမြတ်ငွေများများနဲ့ ပြန်ရောင်း တာတွေရှိတယ်လို့ အင်းလုပ်သားတွေက ပြောပါတယ်။ အင်းလုပ်သားတွေအနေနဲ့ သူတို့တောင်းဆိုချက်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖြည့်ဆည်းဆောင် ရွက်ပေးလာတဲ့အထိ တောင်းဆိုဆန္ဒပြသွားမယ်လို့ ဒီကနေ့ဆန္ဒပြပွဲမှာပါဝင်တဲ့ မလက်တိုကျေးရွာသား ဦးသန်းလှိုင်က ပြောပါတယ်။

မအူပင်မြို့မှာရှိတဲ့ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိန်သောင်းကတော့ အင်းလုပ်ပိုင်ခွင့်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ရင်းနှီးသူများကိုပဲ ချထားပေးတယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ လေလံဈေးအောင်သူတွေကိုပဲ ချထားပေးနေတာဖြစ်ကြောင်း၊ လေလံတစ်ခါအောင်ရင် ၃ နှစ်လုပ်ပိုင်ခွင့်ရရှိနိုင်ကြောင်း ပြောပါတယ်။

အင်းလုပ်သားတွေရဲ့ ဆန္ဒပြပွဲကို သွားရောက်သတင်းရယူခဲ့တဲ့ RFA သတင်းထောက် မရတနာဦးရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။