ဒဏ်ရာရသူတွေထဲက မြန်မာဆရာဝန် ဇနီးမောင်နှံနဲ့ တခြားလူနာ ၂ ဦးကို ဒီနေ့နေ့လည်ပိုင်းမှာ အာဏာပိုင်တွေက မောင်တောမြို့ကနေ ရဟတ်ယဉ်နဲ့ခေါ်ဆောင်သွားကြောင်းနဲ့ ကျေးရွာတွေက ထွက်ပြေးလာသူတရာကျော် မြို့မဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတဲ့အကြောင်း မြို့ခံတယောက်က RFA ကို ပြောပါတယ်။
"ဒီနေ့ကတော့ လောလောဆယ် ငြိမ်နေတယ်။ အခုနကတော့ သေနတ်ပစ်သံတွေ ကြားတယ်။ မနေ့ကတော့ ၉ နာရီခွဲ ညမထွက်ရအမိန့် ထုတ်ပြီးတာနဲ့ ပစ်တာပေါ့။ ပစ်ရင်လည်း ရခိုင်ရွာတွေကို မီးရှို့တယ်။ ဖျက်တယ်။ ကျွန်တော်တို့ ရခိုင်လူမျိုး ဆုံးတဲ့သူလည်းဆုံး၊ ဒဏ်ရာရတဲ့သူလည်းရပေါ့။ မြို့ပေါ်နဲ့ ဝေးနေတော့ ပိုပြီး ဆိုးတာပေါ့။ ထွက်ပြေးသွားတဲ့သူတွေက ဘုန်းကြီးကျောင်းမှာ ခိုနေရတယ်ပေါ့ အခုဆိုရင်။ မြို့မကျောင်းမှာ ၂ ရာနီးနီးလောက်ရှိတယ်။ နတလ ကျေးရွာက လူတွေ၊ နောက် နီးစပ်ရာဆွေမျိုးသားချင်းတွေဆီမှာ ခိုတာပေါ့။"
အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ရွာတွေထဲမှာ နတလရွာလို့ ခေါ်တဲ့ ကျေးရွာ ၂ ရွာ အပါအဝင် စုစုပေါင်း ၄ ရွာ ကနေ ၆ ရွာထိ ရွာလုံးကျွတ် ပျက်စီးသွားတယ်လို့ဆိုပါတယ်။
နတလရွာဆိုတာ မောင်တော မြို့ နဲ့ ၆ မိုင် ၇ မိုင်အကွာလောက်က ရွာသစ်တွေလို့ပြောပါတယ်။ မောင်တောမြို့ပေါ်မှာတော့ ဈေးတွေ ကျောင်းတွေ ပိတ်ထားပြီး တိတ်ဆိတ် ငြိမ်သက်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။