ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့် ရဲကင်းစခန်းတွေ အကြမ်းဖက် တိုက်ခိုက် ခံခဲ့ရပြီးတဲ့နောက် မနေ့က မောင်တောဒေသ နယ်ခြားစောင့်တပ်ဖွဲ့ ရဲမှူးချုပ် အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။
မောင်တောဒေသ နယ်ခြားစောင့် တပ်ဖွဲ့ရဲမှူးချူပ် မောင်မောင်ခင်ကို တာဝန်ကနေ ဖယ်ရှားလိုက်ပြီး သူ့နေရာမှာ ရဲမှူးချူပ် သူရစန်းလွင်ကို အစားထိုးခန့်အပ်လိုက်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မောင်တောမြို့နယ်ကို ရောက်ရှိခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က သတင်းမီဒီယာတွေကို အခုလိုပြောကြားခဲ့ပါတယ်။
"ဒီဖြစ်စဉ်ပေါ်မှာ ဒီခေါင်းဆောင်ကို ငါမကျေနပ်ဘူး၊ အဲ့တော့ချက်ချင်း ခေါင်းဆောင်သစ် ကိုလည်းတယ်၊ စိတ်ချယုံကြည်ရတဲ့ ပြန်လည်ခန့်အပ်တာပါ"
ဒါ့ပြင် ဒေသခံ ရခိုင်တိုင်းရင်းသားတွေ နေရပ်ကို မစွန့်ခွာကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
"ဒီနယ်မြေမှာရှိတဲ့ တိုင်းရင်းသားတွေ မြေရပ်ကိုမစွန့်ခွာပါနဲ့၊ ငါတို့ကာကွယ်ပေးမယ်၊ ပြည်ထဲရေးက ကာကွယ်ပေးရမယ်၊ တပ်မတော်က ကာကွယ်ပေးရမယ်၊ ဒီနယ်မြေကနေ တို့တိုင်းရင်းသားတွေ စွန့်ခွာသွားရင် ဒီနယ်မြေကို ကျန်တဲ့သူတွေဝင်လာလိမ့်မယ်"
ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့သူ ၁၆ ဦးကို အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနဲ့ အညီ စစ်ဆေးနေကြောင်း၊ နှိပ်စက်ညှဉ်းပန်းမှု လုံးဝမရှိကြောင်း၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC အနေနဲ့ အချိန်မရွေးလာရောက်ကြည့်ရှုနိုင်ကြောင်း လည်းပြောဆိုပါတယ်။
နေပြည်တော်မှာ မနေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဦးဇော်ဝင်း က ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်ရာမှာ ပါဝင်သူ ၂၉ ဦး ဖမ်းဆီးရမိထားကြောင်း ပြော ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကလည်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် တပ်မတော်သား ၅ ဦး နဲ့ ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပြီး၊ အကြမ်းဖက် တိုက်ခိုက်သူတွေထဲက အယောက် ၃၀ ကို အသေဖမ်းဆီး ရမိခဲ့ကြောင်း ပြောကြား ခဲ့ပါတယ်။
